Eleven Media Group

ရိုမေးနီးယားလေပိုင်နက်ထဲ ချိုး‌ဖောက်ဝင်‌ရောက်လာသည့် ဒရုန်းကို စပိန်တိုက်လေယာဉ်က ပစ်ချဖျက်ဆီး

photo- AFP

မော်လ်ဒိုဗာနှင့် ယူကရိန်းနယ်စပ်ဘက်မှရိုမေးနီးယားလေပိုင်နက်ကို ချိုး‌ဖောက်ဝင်ရောက်လာသည့် ဒရုန်းတစ်စင်းကိုနေတိုးစစ်ဆင်ရေးတာဝန်ထမ်းဆောင်နေ သော စပိန် F-18 တိုက်လေယာဉ်ကသြဂုတ် ၁၆ ရက် နံနက်ပိုင်းတွင် ပစ်ချခဲ့သည်ဟု ရိုမေးနီးယား အမျိုးသားအာဏာပိုင်များနှင့် နေတိုးတာဝန်ရှိသူများက ပြောကြားခဲ့သည်။

​ရုရှား၏ ယူကရိန်းကျူးကျော်စစ်ပွဲ ဆက် လက်ပြင်းထန်နေစဉ် အရှေ့ဥရောပရှိနေတိုးအဖွဲ့ဝင်နိုင်ငံများ၏ လေပိုင်နက်အတွင်းသို့ ဒရုန်းများ နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှု ပိုမိုများပြားလာနေသည်။

​မော်လ်ဒိုဗာဘက်မှ ကျူးကျော်ဝင်ရောက်လာသည့် အဆိုပါဒရုန်းကို နေတိုး လေကြောင်းကင်းလှည့် တာဝန်ယူထားသည့် စပိန် F-18 တိုက်လေယာဉ်က ဒေသစံတော်ချိန် နံနက် ၅နာရီ တစ်မိနစ်တွင် ကြားဖြတ်ပစ်ချခဲ့သည်ဟုရိုမေးနီးယား ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

​ဒရုန်း၏အပျက်အစီးများသည် ယူကရိန်းနယ်စပ်အနီး ဂါလာတီဒေသရှိ လူမနေသည့် နေရာသို့ ကျသွားသည်ဟု ဆိုသည်။

​စပိန်ကာကွယ်ရေးဝန်ကြီးဌာနကလည်း ၎င်းတို့၏ လေတပ်သည် "ဥရောပလေပိုင်နက်ကို ကာကွယ်ရာတွင် ထူးချွန်သောပရော်ဖက်ရှင်နယ်ဆန်မှုကို ပြသနိုင်ခဲ့သည်" ဟု X လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြခဲ့သည်။

​စပိန်နိုင်ငံခြားရေးဝန်ကြီး ဟိုဆေးမန်နျူရယ်အယ်ဘာရက်စ်က ၎င်းသည် ရိုမေးနီးယားနိုင်ငံခြားရေးဝန်ကြီး အိုအာနာတွိုင်ယူနှင့် ဖုန်းဆက် စကားပြောခဲ့ရာ စပိန် လေသူရဲများ၏ စွမ်းဆောင်ချက်အတွက် ကျေးဇူးတင်စကား ပြောကြားခဲ့သည်ဟု ဆိုသည်။

ထိုစစ်ဆင်ရေးတွင် စပိန် F-18တိုက်လေယာဉ်နှစ်စင်း ပါဝင်ခဲ့ပြီး ယင်းသည် ရိုမေးနီးယားတွင် အခြေစိုက်ထားသည့် တပ်ဖွဲ့ဝင် ၂၀၀ ခန့်နှင့် စစ်လေယာဉ် ၁၁ စင်းပါ စပိန်တပ်ဖွဲ့၏ အစိတ်အပိုင်းဖြစ်သည်ဟု နေတိုးလေကြောင်းကွပ်ကဲရေးဌာနချုပ်ကထုတ်ပြန် သည်။

​ပင်လယ်နက်နှင့် ထိစပ်နေသည့် ရိုမေးနီးယား၏ အရှေ့ဘက်ကမ်းရိုးတန်းဒေသသည် ရုရှားမကြာခဏ တိုက်ခိုက်နေသည့် နယ်မြေများနှင့် နီးကပ်လျက်ရှိသည်။

၂၀၂၂ ခုနှစ်တွင် ရုရှားက ယူကရိန်းကိုအင်အားအပြည့်ဖြင့် ကျူးကျော်တိုက်ခိုက်ခဲ့သည့်နောက်ပိုင်း ရိုမေးနီးယား၌စတုတ္ထမြောက် ဒရုန်းပစ်ခတ်ဖျက်ဆီးခံရသည့် ဖြစ်စဉ်လည်း ဖြစ်သည်။

Ref:AFP

AFP photos

မူရင်းသတင်း — Eleven Media Group