Eleven Media Group

အမေရိကန်စစ်သားများကို သုတ်သင်ခြင်း သို့မဟုတ် ဖမ်းဆီးခြင်းတို့အတွက် ဒေါ်လာ ၃၀,၀၀၀ ဆုကြေးပေးမည်ဟု အီရန် ထုတ်ပြန်

​အမေရိကန်စစ်သားများကို သုတ်သင်ခြင်း သို့မဟုတ် ဖမ်းဆီးရမိခြင်းတို့အတွက် အမေရိကန်ဒေါ်လာ ၃၀,၀၀၀ နှင့်ညီမျှသော ဆုကြေးငွေချီးမြှင့်မည်ဖြစ်ပြီး အမျိုးသမီးများက ဆောင်ရွက်ပါက ဆုကြေးငွေ နှစ်ဆရရှိမည်ဟု အီရန်စစ်တပ်က ဩဂုတ်လ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

​အီရန်အစိုးရပိုင် IRNA သတင်းဌာန၏ ဖော်ပြချက်အရ စစ်ပွဲတွင် ပါဝင်ကူညီလိုသည့် ပြည်သူများထံမှ "တောင်းဆိုမှုပေါင်းများစွာ" ရရှိခဲ့ပြီးနောက် ယခုအစီအစဉ်ကို ရေးဆွဲခဲ့ခြင်းဖြစ်သည်ဟု အီရန်စစ်တပ် အကြီးအကဲ အမီယာဟာတာမီက ပြောကြားခဲ့သည်။

ပျက်ကျခဲ့သည့် အမေရိကန်လေသူရဲကို ကယ်ဆယ်သည့် ဧပြီလစစ်ဆင်ရေးမှလွဲ၍ အီရန်မြေပေါ်တွင် အမေရိကန်မြေပြင်တပ်ဖွဲ့များကို ဖြန်ကြက်ထားခြင်းမရှိပေ။

​မည်သည့်နေရာ သို့မဟုတ် မည်သည့်အချိန်တွင် အမေရိကန်စစ်သားများကို သုတ်သင်ရန် သို့မဟုတ် ဖမ်းဆီးရန် မျှော်လင့်ထားသည်ဆို‌သော အသေးစိတ်အချက်အလက်များကို ဟာတာမီက ဖော်ပြခြင်း မရှိပေ။

​"ကျူးကျော်သူ အမေရိကန်စစ်ဘက်ဝန်ထမ်းကို သုတ်သင်နိုင်သူ သို့မဟုတ် ဖမ်းဆီးပြီး လွှဲပြောင်းပေးနိုင်သူ ဘယ်သူမဆို အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံရဲ့စစ်တပ်က ဒေါ်လာ ၃၀,၀၀၀ ဒါမှမဟုတ် တိုမန် ငါးဘီလျံ (အီရန်ရီယယ် ၁၀,၀၀၀ နှင့်ညီမျှသောငွေ)နဲ့ ညီမျှတဲ့ ဆုကြေးငွေရရှိမှာဖြစ်ပါတယ်" ဟု ဟာတာမီက ပြောကြားခဲ့သည်။

​၎င်းက ဆက်လက်၍ယင်းကဲ့သို့ ဆောင်ရွက်နိုင်သည့် သတ္တိရှိသော အီရန်အမျိုးသမီးများသည် ဆုကြေးငွေ နှစ်ဆရရှိမည်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

​အမေရိကန်တပ်များ အရှေ့အလယ်ပိုင်းဒေသမှ ထွက်ခွာသွားရန် အီရန်၏ တောင်းဆိုချက်ကို ဟာတာမီက ထပ်လောင်းပြောကြားခဲ့ပြီး ပါရှန်းပင်လယ်ကွေ့၊ အိုမန်ပင်လယ်ကွေ့ သို့မဟုတ် ဟော်မုဇ်ရေလက်ကြားကို အမေရိကန်တို့ နောက်ထပ်ဝင်ရောက်ခွင့်မရှိတော့ဟု ဆိုသည်။

​တီဟီရန်နှင့် ဝါရှင်တန်တို့၏ စစ်ပွဲသည် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို စတင်တိုက်ခိုက်ခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် စတင်ခဲ့ခြင်း ဖြစ်သည်။

​စစ်ပွဲစတင်ပြီး တစ်လကျော်အကြာတွင် ပျက်ကျသွားခဲ့သည့် F-15 တိုက်လေယာဉ်၏ လက်နက်စနစ်အရာရှိကို အီရန်တပ်ဖွဲ့များထက်လက်ဦးအောင်ရှာဖွေရန် အမေရိကန်က တပ်ဖွဲ့ဝင် ၂၀၀ ခန့်နှင့် လေယာဉ်ပေါင်း ၁၇၀ ကျော် ပါဝင်သော အကြီးစား ကယ်ဆယ်ရေးစစ်ဆင်ရေးကို ဆောင်ရွက်ခဲ့သည်။

ကယ်ဆယ်ရေးမစ်ရှင်အတွင်း မိတ်ဆွေနယ်မြေ၌ အရေးပေါ်ဆင်းသက်ခဲ့သော A-10 မြေပြင်တိုက်ခိုက်ရေး လေယာဉ်ကို အီရန်တပ်သားများက ဖျက်ဆီးခဲ့သည်။

အမေရိကန်သည် C-130 သယ်ယူပို့ဆောင်ရေးလေယာဉ်ပါဝင်သော မစ်ရှင်အတွင်း အသုံးပြုခဲ့သော လေယာဉ်ကိုလည်း စွန့်ပစ်ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

​ယင်းစစ်ဆင်ရေးမတိုင်မီ ရက်ပိုင်းအတွင်းအသေးစား စစ်ဆင်ရေးတွင်ရဟတ်ယာဉ်အဖွဲ့က F-15 လေယာဉ်မှူးကို ကယ်နိုင်ခဲ့သည်။

Ref:AFP , Photos:AFP

မူရင်းသတင်း — Eleven Media Group