
အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်ရှိ ဟိန္ဒူဘုရားကျောင်းတစ်ခုတွင် ဩဂုတ် ၁၇ ရက်က လူအုပ်ကသောင်းကနင်းဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူခုနစ်ဦး သေဆုံးပြီး ၁၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံ၏ လူစုလူဝေးများပြားသော ပွဲလမ်းသဘင်များနှင့် ဘာသာရေးပွဲတော်များတွင် လအုပ်ထိန်းချုပ်မှုအားနည်းသဖြင့် လူအစုလိုက်အပြုံလိုက် တိုးဝှေ့ပြီး သေဆုံးမှုများမကြာခဏ ဖြစ်ပွားလေ့ရှိသည်။
ယခုဖြစ်စဉ်သည် ဘီဟာပြည်နယ် လာခီဆာရိုင်ခရိုင်ရှိ အာသောကဓမ္မ ဘုရားကျောင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဘုရားကျောင်းဝင်းအတွင်းရှိ ဘုရားဖူးများပေါ်သို့ ဓာတ်တိုင် ပြိုလဲခဲ့သည်ဆိုသည့် ကောလာဟလများ ပျံ့နှံ့သွားခဲ့ပြီးနောက် ယခုကဲ့သို့ လူအုပ်ကသောင်းကနင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး ရှိုင်လင်ဒရာ ကူးမားက ပြောကြားခဲ့သည်။
အခြားလူ ၁၉ ဦးခန့်မှာလည်း ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
ဘီဟာပြည်နယ် ဝန်ကြီးချုပ် ဆမ်ရတ်ချောင်ဒရီက ယခုဖြစ်စဉ်သည် ဝမ်းနည်းစရာကောင်းကြောင်းနှင့် သေဆုံးသူတစ်ဦးစီ၏ မိသားစုအတွက် လျော်ကြေးငွေ ရူပီး ၄၀၀၀၀၀ (အမေရိကန်ဒေါ်လာ ၄၁၈၀ ခန့်) ပေးအပ်သွားမည်ဟု ကြေညာခဲ့သည်။
Ref: AFP