
အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းတွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် လူပေါင်း ၁၃၀၀၀ နီးပါးသည် ၎င်းတို့၏ နေအိမ်များကို စွန့်ခွာပြီး အပြင်ဘက်တွင်သာ နေထိုင်လျက်ရှိကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြခဲ့သည်။
လက်ရှိတွင်သောင်းနှင့်ချီသည့် ပြည်သူများသည် စာသင်ကျောင်းများ၊ရဲစခန်းများနှင့် အစိုးရရုံးများတွင် စခန်းချနေထိုင်ရင်း အကူအညီများကို စောင့်ဆိုင်းနေကြကာ လူအများအပြားမှာ ကွင်းပြင်များထဲတွင် တဲများထိုးပြီး နေထိုင်နေရသည်။
ဩဂုတ် ၁၅ ရက်က လှုပ်ခတ်ခဲ့သည့် ရစ်ချ်တာစကေး ၇ ဒသမ ၇ ပြင်းအားရှိ ငလျင်ကြောင့် လူ ၅၃ ဦးသေဆုံးပြီး လူ ၁၀၀ ကျော်ဒဏ်ရာရရှိခဲ့ကာ ပျောက်ဆုံးနေသူများမရှိကြောင်း ကယ်ဆယ်ရေးတာဝန်ရှိ သူများက ပြောကြားခဲ့သည်။
သို့သော် နေအိမ်သို့ မပြန်နိုင်သေးသည့် လူဦးရေမှာ ဩဂုတ် ၁၇ ရက် နံနက်ပိုင်းအထိ ၁၂၈၀၀ အထိ မြင့်တက်လာခဲ့ကြောင်း အင်ဒိုနီးရှား အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအေဂျင်စီ (BNPB) ၏ ပြောရေးဆိုခွင့်ရှိသူ ဘာတွန်ဆူအာ ပီလီတာ ပန်ဂျိုင်တန်က အေအက်ဖ်ပီ သတင်းဌာနကို ပြောကြားခဲ့သည်။
အဆိုပါဒေသတွင် နောက်ဆက်တွဲ ငလျင်များ အကြိမ်ပေါင်း ရာနှင့်ချီ၍ လှုပ်ခတ်နေသဖြင့် အိမ်သို့ပြန်ရန် ကြောက်ရွံ့နေကြသော ဖလောရက်စ်ကျွန်းတွင်နေထိုင်သည့် ပြည်သူအများအပြားသည် ကွင်းပြင်များ၊ လမ်းများပေါ်တွင်သာ နေထိုင်လျက်ရှိသည်။
Ref: AFP