
ဗင်နီဇွဲလားနိုင်ငံတွင် ဇွန်လက လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်နှစ်ခုကြောင့် သေဆုံးသူဦးရေမှာ ၆၄၃၈ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ဩဂုတ် ၁၇ ရက်က ထုတ်ပြန်ခဲ့သည့် တရားဝင် စာရင်းများတွင် ဖော်ပြထားသည်။
ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် နှစ်လနီးပါး ကြာမြင့်လာချိန်အထိ ပြည်သူများနှင့် ကယ်ဆယ်ရေးသမားများသည် ပြိုပျက်နေသည့် အပျက်အစီးများကြားတွင် ပျောက်ဆုံးနေသူများကို ဆက်လက် ရှာဖွေလျက်ရှိသည်။
လွှတ်တော်ဥက္ကဋ္ဌ ဂျော့ချ် ရိုဒရီဂေးဇ်က ထုတ်ပြန်ကြေညာခဲ့သည့် နောက်ဆုံးစာရင်းအရ သေဆုံးသူဦးရေသည် လွန်ခဲ့သည့် သီတင်းပတ်က စာရင်းဖြစ်သော ၆၃၀၁ ဦးမှ မြင့်တက်လာခြင်းဖြစ်သည်။
ဇွန်လ ၂၄ ရက်နေ့က ဗင်နီဇွဲလား ကမ်းရိုးတန်းအနီးတွင် လှုပ်ခတ်ခဲ့သည့် ရစ်ချ်တာစကေး ၇ ဒသမ ၂ နှင့် ၇ ဒမသ ၅ ရှိသော ငလျင်များကြောင့် အဆောက်အအုံ ၁၉၀ ခန့် ပြိုကျပျက်စီးခဲ့သည်။
ထို့ပြင် နေအိမ် ၆၀၀၀၀ ခန့် ထိခိုက်မှုရှိခဲ့ပြီး နေအိမ်ပေါင်း ၂၄၀၀၀ မှာ နေထိုင်၍ မရတော့ဘဲ ပျက်စီးသွား ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
လက်ရှိတွင် သောင်းနှင့်ချီသည့် ဗင်နီဇွဲလားပြည်သူများသည် ယာယီကယ်ဆယ်ရေးစခန်းများတွင် ဆက်လက်နေထိုင်နေရဆဲဖြစ်သည်။
Ref: AFP