
ရက်ပေါင်း ၃၀ အတွင်း ဟားမာ့စ်အဖွဲ့၏ လက်နက်ဖြုတ်သိမ်းမှု စတင်လိမ့်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ အထူးသံတမန် ဂျရတ်ကုရှ်နာက ဩဂုတ် ၁၇ ရက်တွင် ပြောကြားခဲ့သည်။
ထရန့်၏ သားမက်တော်စပ်သည့် ကုရှ်နာသည် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနှင့် တွေ့ဆုံခဲ့ ပြီးနောက် ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
"အနည်းဆုံး ရက်ပေါင်း ၃၀ အတွင်း လက်နက်အချို့ကို စတင်ဖြုတ်သိမ်းတာနဲ့ တူးမြောင်းအချို့ကို မြေတွေ ပြန်ဖို့တာမျိုးလို တိုးတက်မှုတွေကို တဖြည်းဖြည်း မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်" ဟု တဲလ်အဗစ်မြို့သို့ ရောက်ရှိနေစဉ် ကုရှ်နာက Fox News သတင်းဌာနကို ပြောကြားခဲ့သည်။
ဟားမာ့စ်အဖွဲ့၏ လက်နက်ဖြုတ်သိမ်းမှုကို အမေရိကန် ဗိုလ်ချုပ်ကြီးတစ်ဦးက အတည်ပြုစစ်ဆေးမည် ဖြစ်ကြောင်း ကုရှ်နာနှင့်နေတန်ယာဟုတို့ သဘောတူညီခဲ့ပြီးနောက် အဆိုပါ မှတ်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ နေတန်ယာဟုကမူ လက်နက်ဖြုတ်သိမ်းမှု မစတင်မီအချိန်အထိ အစ္စရေးတပ်များ ဂါဇာမှ ရုပ်သိမ်း မည် မဟုတ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။
အောက်တိုဘာလတွင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ပြန်လည်ရွေးကောက်ခံရရန် ဖိအားများနှင့် ရင်ဆိုင်နေရသော နေတန်ယာဟုသည် ပျက်စီးဆုံးရှုံးမှုများပြားခဲ့သည့် ဂါဇာစစ်ပွဲကို အဆုံးသတ်ရန် ရည်ရွယ်ထားသော အမေရိကန်၏ ငြိမ်းချမ်းရေးအစီအစဉ် နောက်ဆုံးအပိုင်းကို လူသိရှင်ကြား ငြင်းပယ်ခဲ့ပြီးနောက် ယခုသဘောတူညီချက်သည် အစ္စရေးအား ကျေနပ်စေရန် ထရန့်အစိုးရအဖွဲ့၏ ကြိုးပမ်းမှုအသစ်တစ်ခုလည်း ဖြစ်သည်။
နေတန်ယာဟု၏ မိသားစုနှင့် နှစ်ပေါင်းများစွာ ရင်းနှီးခင်မင်ခဲ့သည့် ကုရှ်နာသည် အဆိုပါ အစီအစဉ်ကို ဆောင်ရွက်ရန် လူသိရှင်ကြား ကတိပြုထားသည့် ဟားမာ့စ်အဖွဲ့နှင့် အီဂျစ်နိုင်ငံတွင် တိုက်ရိုက် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပြီး နောက်တစ်နေ့၌ နေတန်ယာဟုနှင့် ဂျေရုဆလင်မြို့တွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
ဂါဇာဒေသတစ်လျှောက် ဟားမာ့စ်အဖွဲ့၏ လက်နက်များကို မဖြုတ်သိမ်းမီအထိ ဂါဇာကမ်းမြောင်ဒေသတွင် မည်သည့် တပ်ဖွဲ့များ ပြန်လည်နေရာချထားခြင်း သို့မဟုတ် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုမျှ လုပ်ဆောင်မည်မဟုတ်ကြောင်း နှစ်ဖက်စလုံးက သဘောတူခဲ့ကြသည်ဟု အစ္စရေးအကြီးတန်းအရာရှိ တစ်ဦးက အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။
ဂါဇာကမ်းမြောင်ဒေသ စစ်မဲ့ဇုန်ပြုလုပ်ရေးအတွက် ပထမဆုံးခြေလှမ်းမှာ ဟားမာ့စ်တို့၏ လက်နက်များကို အမေရိကန် စစ်ဗိုလ်ချုပ်ကြီးတစ်ဦး၏ ကြီးကြပ်မှုအောက်တွင် ဖျက်သိမ်းရန် လွှဲပြောင်းပေးအပ်စေခြင်း ဖြစ်သည်ကိုလည်း သဘောတူခဲ့ကြသည်ဟု အဆိုပါ အရာရှိက ပြောကြားခဲ့သည်။
ဇူလိုင် ၃၀ ရက်နေ့က ဟားမာ့စ်တို့ သဘောတူခဲ့သည့် လမ်းပြမြေပုံတွင် လက်နက်များ ဖျက်သိမ်းခြင်းကို အခြေအနေများ တည်ငြိမ်သွားပါက ဂါဇာသို့ တပ်ဖြန့်ရန် ရည်ရွယ်ထားသည့် အသစ်ဖွဲ့စည်းလိုက်သော တပ်ဖွဲ့ဖြစ်သည့် နိုင်ငံတကာ တည်ငြိမ်ရေးတပ်ဖွဲ့က ကြီးကြပ်သွားမည်ဟု ဖော်ပြထားသည်။ အဆိုပါ တပ်ဖွဲ့ကို အမေရိကန် ဗိုလ်ချုပ်ကြီး ဂျက်စပါ ဂျက်ဖားစ်က ဦးဆောင်လျက်ရှိသည်။
ဟားမာ့စ်အဖွဲ့သည် ၎င်းတို့၏ လက်နက်များကို အသစ်ဖွဲ့စည်းမည့် ပလတ်စတိုင်း အုပ်ချုပ်ရေးအဖွဲ့ထံ လွှဲပြောင်းပေးအပ်မည်ဟု ကတိပြုခဲ့သည်။
အဆိုပါ သဘောတူညီချက်ကို အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ထရန့်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့မှ အရာရှိတစ်ဦးကမူ သိမ်းဆည်းရမိသည့် လက်နက်တိုင်းကို ပြန်လည်အသုံးပြု၍ မရနိုင်တော့စေရန် အပြီးသတ် ဖျက်သိမ်းသွားမည်ဟု ပြောကြားခဲ့ပြီး အစ္စရေးအနေဖြင့်လည်း မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့် အပြည့်အဝ ရှိနေဆဲဖြစ်ကြောင်း ထပ်လောင်းပြောဆိုခဲ့သည်။
"ဟားမာ့စ်အနေနဲ့ အကြမ်းဖက်မှုတွေ၊ အကြမ်းဖက် လုပ်ရပ်တွေ ပြန်လုပ်တာ ဒါမှမဟုတ် လက်နက် ပြန်လည်တပ်ဆင်ဖို့ ကြိုးပမ်းတာတွေ လုပ်ဆောင်လာရင် အစ္စရေးအနေနဲ့ သင့်တော်သလို အရေးယူဆောင်ရွက်ပိုင်ခွင့် ဆက်ရှိနေမှာ ဖြစ်ပါတယ်" ဟု အဆိုပါ အရာရှိက ပြောကြားခဲ့သည်။
ဆွေးနွေးပွဲများတွင် ကုရှ်နာနှင့်အတူ ပါဝင်ခဲ့ကြသည့် အခြားသော ငြိမ်းချမ်းရေးဘုတ်အဖွဲ့ဝင်များထဲ၌ ဗြိတိန် ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲလည်း ပါဝင်ခဲ့သည်။
Ref:AFP