Eleven Media Group

အွန်လိုင်းလိမ်လည်မှုများကို တိုက်ဖျက်နေသည့် စင်္ကာပူက လူမှုကွန်ရက်များနှင့် မက်‌ဆေ့ဝန်ဆောင်မှု လုပ်ငန်းများအတွက် ပိုမိုတင်းကျပ်သော စည်းကမ်းများကို ထုတ်ပြန်

​စင်ကာပူကအွန်လိုင်းငွေကြေးလိမ်လည်မှုများ (Scams) ကို နှိမ်နင်းနေသောကြောင့် သြဂုတ် ၁၈ ရက်မှ စတင်ကာ မက်ဆေ့ဝန်ဆောင်မှု လုပ်ငန်းများက မည်သူမည်ဝါမှန်း မသိရသော အဆက်အသွယ်များ (Unknown contacts)ကို ကန့်သတ်ရန်၊ လူမှုကွန်ရက် ဝန်ဆောင်မှုများက ကြော်ငြာရှင်များကို အတည်ပြုပေးရန်လိုအပ်သည်ဟု ထုတ်ပြန်ခဲ့သည်။

နိုင်ငံခြားသားများကို အလုပ်အကိုင်ရမည်ဟု လှည့်ဖြားခေါ်ယူပြီး အချစ်ရေးနှင့် ခရစ်ပတိုရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အွန်လိုင်းလိမ်လည်မှုများ ပြုလုပ်စေသည့် ကျားဖျန့်အွန်လိုင်းလိမ်လည်သည့်‌နေရာများ လွန်ခဲ့သောနှစ်များတွင် အရှေ့တောင်အာရှတစ်ခွင် တိုးပွားလာခဲ့သည်။

​ဒေသတွင်း ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်သည့် စင်ကာပူတွင် ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အထိ လိမ်လည်ခံရမှုကြောင့် အမေရိကန်ဒေါ်လာ ၂ ဒဿမ ၈ ဘီလီယံကျော် ဆုံးရှုံးခဲ့ရသည်ဟု ပြည်ထဲရေးဝန်ကြီး ဆင်း(မ်)အန်က ၂၀၂၅ ခုနှစ် နိုဝင်ဘာတွင် ပါလီမန်အစည်းအဝေး၌ ပြောကြားခဲ့သည်။

​ယခုထုတ်ပြန်လိုက်သည့် အွန်လိုင်းပြစ်မှုဆိုင်ရာ အန္တရာယ်များ ဥပဒေ (Online Criminal Harms Act)အရ စည်းမျဉ်းသစ်များသည် နိုင်ငံတွင်းလိမ်လည်မှုဖြစ်ပွားရန် အန္တရာယ်အများဆုံးဟု သတ်မှတ်ထားသည့် ဝန်ဆောင်မှုများကို ပစ်မှတ်ထားသည်ဟု စင်ကာပူရဲတပ်ဖွဲ့က ဩဂုတ် ၁၈ ရက်တွင် ထုတ်ပြန်သည်။

​"အွန်လိုင်းမက်ဆေ့ ပလတ်ဖောင်းတွေပေါ်မှာ ရင်းနှီးမြှုပ်နှံ‌ရေးလိမ်လည်မှုတွေဟာ အဓိက စိုးရိမ်စရာ ကိစ္စဖြစ်ပါတယ်" ဟု ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

"ဒီလိုလိမ်လည်ရာမှာ လိမ်လည်သူတွေဟာ သားကောင်ဖြစ်သူ(မည်သူမှန်းမသိရသော အဆက်အသွယ်များ)အရင်တုန်းက မသိသေးတဲ့ အကောင့်တွေကို သုံးပြီး အမြတ်များတဲ့ ရင်းနှီးမြှုပ်နှံမှုပစ္စည်းတွေကို ကမ်းလှမ်းပြီး ချဉ်းကပ်လေ့ရှိကြပါတယ်" ဟု ဆိုသည်။

​လက်ရှိတွင် WhatsApp၊ Telegram၊ WeChat၊ Apple iMessage၊ Apple FaceTime၊ Google Messages၊ Google Meet စသည့် အွန်လိုင်းဝန်ဆောင်မှုလုပ်ငန်း ခုနစ်ခုသည် မသိရှိသည့် အကောင့်များက သုံးစွဲသူများအား Group သို့မဟုတ် Channel ထဲထည့်ခြင်း မပြုမီ အကောင့်ပိုင်ရှင်၏ ခွင့်ပြုချက်ကို ရယူရမည်ဖြစ်သည်။

​ထို့အပြင် ၎င်းတို့အနေဖြင့် သံသယဖြစ်ဖွယ် အကောင့်များနှင့် ပတ်သက်၍ သုံးစွဲသူများကို သတိပေးရမည်ဖြစ်ပြီး၊ သုံးစွဲသူများဘက်မှလည်း မလိုအပ်သည့် ဆက်သွယ်မှုများကို အသံပိတ်ခြင်း၊ စိစစ်ခြင်း သို့မဟုတ် ပိတ်ထားခြင်းများ ပြုလုပ်နိုင်ရန် သတိပေးရမည် ဖြစ်သည်။

​Facebook၊ Instagram နှင့် TikTok တို့ ပါဝင်သည့် သီးခြား စည်းမျဉ်းတစ်ခုအရ အဆိုပါ ပလတ်ဖောင်းများသည် လိမ်လည်မှုဟု သံသယရှိသည့် ကြော်ငြာများကို ပိတ်ပင်ရန်၊ ကြော်ငြာရှင်များ မည်သူမည်ဝါဖြစ်ကြောင်း အစိုးရမှတ်တမ်းများနှင့် တိုက်ဆိုင်စိစစ်ရန်နှင့် စင်ကာပူသုံးစွဲသူများကို ကြော်ငြာသည့် ဘဏ္ဍာရေးဝန်ဆောင်မှုများသည် တရားဝင်လိုင်စင်ရ အဖွဲ့အစည်းများဖြစ်ကြောင်း သေချာစေရန် ဆောင်ရွက်‌ပေးရမည်ဖြစ်သည်။

​"၂၀၂၅ ခုနှစ်ထဲမှာFacebook၊ Instagram နဲ့ TikTok ပလတ်ဖောင်းတွေဟာ စုစုပေါင်း လိမ်လည်မှုဖြစ်စဉ်အားလုံးရဲ့ ၃၀ ရာခိုင်နှုန်းခန့် ရှိခဲ့ပြီး Facebook တစ်ခုတည်းမှာတင် စုစုပေါင်းလိမ်လည်မှုဖြစ်စဉ်ရဲ့ ၁၈ ရာခိုင် နှုန်းခန့် ရှိခဲ့ပါတယ်" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

​Carousell၊ Facebook Marketplace နှင့် Facebook Business ကဲ့သို့သော E-commerce ဝန်ဆောင်မှုများသည် ပိုမိုခိုင်မာသောအကောင့်ဝင်ရောက်မှု အကာ အကွယ်စနစ်များ (Login Safeguards) လိုအပ်စေရန် လုပ်ဆောင်ပေးရမည်ဟု ဆိုသည်။

​ပလတ်ဖောင်းများသည် အထက်ပါစည်းမျဉ်းစည်းကမ်းများကို၂၀၂၇ ခုနှစ် ဇန်နဝါရီ ၃၁ ရက် နောက်ဆုံးထား၍ လိုက်နာရမည်ဖြစ်ပြီး စင်ကာပူအစိုးရဟုအယောင်ဆောင်သည့် (Spoofing) လုပ်ရပ်များအားတားဆီးသည့် အစီအမံများကိုမူ စက်တင်ဘာအကုန်တွင် အပြီးသတ် ဆောင်ရွက်ရမည်ဖြစ်သည်။

​အဆိုပါ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန် ပျက်ကွက်ပါက စင်ကာပူဒေါ်လာ တစ်သန်း (အမေရိကန်ဒေါ်လာ ၇၈၂,၅၀၀ ခန့်) အထိ ဒဏ်ငွေတပ်ရိုက်ခံရနိုင်သည်ဟု စင်ကာပူရဲတပ်ဖွဲ့က သတိပေးထားသည်။

Photo- AFP

မူရင်းသတင်း — Eleven Media Group