
မြန်မာ့အရေးလေ့လာသုံးသပ်သူ ဦးမင်းဇင်သည် တရုတ်နိုင်ငံတွင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသည်ဆိုသည့် အမေရိကန်၏စွပ်စွဲချက်ကို တရုတ်က ငြင်းဆိုခဲ့သည်ဟု အယ်လ်ဂျာဇီးယားသတင်းတွင် ဖော်ပြခဲ့သည်။
ဇွန်လအစောပိုင်းကတည်းက ထိန်းသိမ်းခံထားရသည့် အမေရိကန်နိုင်ငံသား ဦးမင်းဇင်သည် အမျိုးသားလုံခြုံရေးကို အန္တရာယ်ရှိသူဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ် ၂၁ ရက်တွင် ပြောကြားခဲ့ပြီး အမေရိကန်၏စွပ်စွဲချက်ကို ပယ်ချခဲ့သည်။
"တရုတ်နိုင်ငံဟာ တရားဥပဒေစိုးမိုးတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အခုလို စွပ်စွဲပြောဆိုနေကြသလိုမျိုး မတရားဖမ်းဆီးထိန်းသိမ်းမှုဆိုတာ လုံးဝမရှိပါဘူး" ဟု ဦးမင်းဇင်၏ဖြစ်စဉ်နှင့်ပတ်သက်ပြီး မေးမြန်းချိန်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
"သက်ဆိုင်ရာ အမေရိကန်နိုင်ငံသားဟာ တရုတ်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို အန္တရာယ်ဖြစ်စေတဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ပတ်သက်နေတယ်လို့ သံသယရှိရတာကြောင့် တရုတ်ဥပဒေကို ချိုးဖောက်ခဲ့တယ်လို့ နားလည်ရပါတယ်။ တရုတ်ရဲ့ တရားရေးအာဏာပိုင်တွေဟာ ဒီအမှုကို တရားဥပဒေနဲ့အညီ စီမံဆောင်ရွက်နေပါတယ်" ဟု ပြောရေးဆိုခွင့်ရှိသူက ထပ်လောင်းပြောကြားခဲ့သည်။
ဩဂုတ် ၂၀ ရက်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဦးမင်းဇင် ထိန်းသိမ်းခံထားရမှုကို မတရားဖမ်းဆီးထိန်းသိမ်းမှုအဖြစ် သတ်မှတ်ခဲ့သည်။
ထိုသို့ သတ်မှတ်လိုက်ခြင်းကြောင့် အမေရိကန်အနေဖြင့် ဦးမင်းဇင် လွတ်မြောက်ရေးကို ဦးစားပေးဆောင်ရွက်ရန် လိုအပ်လာမည်ဖြစ်သည်။
အဆိုပါ သတ်မှတ်ချက်သည် သမ္မတ ရှီကျင်းပင်၏ အမေရိကန်သို့ သွားရောက်ရန် စီစဉ်ထားသည့် ခရီးစဉ်မတိုင်မီ သီတင်းပတ်အလိုတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
ရှီ၏ စက်တင်ဘာ ၂၄ ရက် ခရီးစဉ်သည် မေလက အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ တရုတ်သို့သွားရောက်ခဲ့သည့် ခရီးစဉ်အပြီးတွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။
Ref: Al Jazeera