
ပြင်သစ်နိုင်ငံတစ်ဝန်း ကျောင်းသားဆန္ဒပြမှုများ အောက်တိုဘာ ၅ ရက်အထိ ဆက်လက်ဖြစ်ပွားနေရာ အထက်တန်းကျောင်း ၄၀၀ မှ ၅၀၀ ခန့်အထိ စာသင်ကြားမှုများကို အပြည့်အဝ သို့မဟုတ် တစ်စိတ်တစ်ပိုင်း ရပ်နားထားရသည်။
ပညာရေးဆိုင်ရာ အခြေအနေများအပေါ် မကျေနပ်မှုများကို ဖော်ထုတ်ဆန္ဒပြနေခြင်းဖြစ်ပြီး ပြင်သစ်နိုင်ငံရှိ အထက်တန်းကျောင်းပေါင်း ၃၇၀၀ ခန့်အနက် ၁၀ ရာခိုင်နှုန်းမှ ၁၃ ရာခိုင်နှုန်းအထိ ထိခိုက်မှုရှိနေကြောင်း ပညာရေးဝန်ကြီးက ပြောသည်။
စက်တင်ဘာလလယ်ပိုင်းက ပါရီမြို့တစ်ဝိုက် စတင်ခဲ့သည့် ဆန္ဒပြမှုများသည် ပြီးခဲ့သည့် သီတင်းပတ်အတွင်း ပိုမိုပြင်းထန်လာခဲ့သည်။ ပညာရေးအတွက် ရန်ပုံငွေနှင့် အရင်းအမြစ်များ ပိုမိုဖြည့်ဆည်းပေးရန်၊ ကျောင်းအဆောက်အအုံများကို ကောင်းမွန်စွာ ပြုပြင်ပေးရန်၊ အတန်းတစ်တန်း၏ ကျောင်းသားကျောင်းသူဦးရေကို လျှော့ချရန်နှင့် ဆရာ၊ ဆရာမအပါအဝင် ပညာရေးဝန်ထမ်း မလုံလောက်မှုကို ဖြေရှင်းပေးရန် တောင်းဆိုနေကြခြင်းဖြစ်သည်။
ဆန္ဒပြမှုများ စတင်ခဲ့ချိန်မှစ၍ ဖမ်းဆီးခံရသူနှင့် ဒဏ်ရာရသူ အရေအတွက် သိသိသာသာ မြင့်တက်လာခဲ့ပြီး အာဏာပိုင်များ၏ အဆိုအရ လူပေါင်း ၅,၀၀၀ ခန့် ဖမ်းဆီးခံခဲ့ရကာ ၎င်းတို့ထဲမှ ၈၅ ရာခိုင်နှုန်းခန့်က အသက်မပြည့်သေးသူများဖြစ်သည်။
ပညာရေးဝန်ကြီး ထုတ်ပြန်ချက်အရ ဆန္ဒပြမှုများအတွင်း မီးရှို့ခံရ ၊ ဖျက်ဆီးခံရသည့် ကျောင်း ၂၄ ကျောင်းရှိပြီး ဆန္ဒပြမှုများ စတင်ချိန်မှစ၍ ပညာရေးဝန်ကြီးဌာနမှ ဝန်ထမ်း ၇၈ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၆၀၀ ခန့် ၊ ကျောင်းသား ၁၇၀ ခန့် ဒဏ်ရာရခဲ့သည်။
Photo: AP