Eleven Media Group

ဂါဇာတွင် ဟားမာ့စ်အဖွဲ့၏ အုပ်ချုပ်မှု ရှိတော့မည်မဟုတ်ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု ပြောကြား

ဂါဇာကမ်းမြောင်ဒေသတွင် ဟားမာ့စ်အဖွဲ့၏ အုပ်ချုပ်မှု ရှိတော့မည်မဟုတ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက အောက်တိုဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။

နေတန်ယာဟုသည် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှု သုံးနှစ်မြောက် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်လာချိန်တွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အစ္စရေးနိုင်ငံ၏ သမိုင်းတစ်လျှောက် လူသေဆုံးမှု အများဆုံးနေ့ဖြစ်သည့် ထိုတိုက်ခိုက်မှုကို ဝမ်းနည်းအောင့်မေ့ဖွယ် သတိရသည့်နေ့အဖြစ် အောက်တိုဘာ ၅ ရက်ကို နိုင်ငံတော်အဆင့် အထိမ်းအမှတ်နေ့အဖြစ် သတ်မှတ်ခဲ့သည်။

ထို့ကြောင့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှု စတင်ခဲ့သည့် နံနက် ၆ နာရီ ၂၉ မိနစ်မှစတင်ကာ အောက်တိုဘာ ၅ ရက်နံနက်ပိုင်း၌ အစိုးရ အဆောက်အအုံများတွင် အလံများကို တစ်ဝက်ချထားခဲ့သည်။

"ကျွန်တော်တို့အနေနဲ့ ကြီးမားတဲ့ အောင်မြင်မှုတွေကို ရရှိခဲ့ပြီးဖြစ်ပေမဲ့ ရှေ့ဆက် လုပ်ဆောင်ရမယ့် တာဝန်တွေ ကျန်ရှိနေသေးပြီး အဲဒီတာဝန်တွေကို အဆုံးတိုင် လုပ်ဆောင်သွားဖို့ ရည်မှန်းထားပါတယ်" ဟု ဂျေရုဆလင်မြို့ရှိ ဟာဇယ်တောင် စစ်သချႋုင်းတွင် ပြုလုပ်ခဲ့သော နိုင်ငံတော် အခမ်းအနားတွင် နေတန်ယာဟုက ပြောကြားခဲ့သည်။

"ဂါဇာမှာ ဟားမတ်စ်တွေရဲ့ အုပ်ချုပ်မှု ဘယ်တော့မှ ရှိလာတော့မှာ မဟုတ်ပါဘူး" ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်ခဲ့သူများ သို့မဟုတ် ဓားစာခံများကို ဖမ်းဆီးထားသူတိုင်းကို ဆက်လက် ပစ်မှတ်ထားသွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။

အစ္စရေးက ထုတ်ပြန်သည့် တရားဝင် ကိန်းဂဏန်းများကို အခြေခံထားသည့် AFP သတင်းဌာန၏ စာရင်းဇယားများအရ ဟားမာ့စ်တို့ ဦးဆောင်သည့် အဆိုပါ တိုက်ခိုက်မှုကြောင့် လူပေါင်း ၁၂၂၁ ဦး သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ပြင် စစ်သွေးကြွများသည် ဓားစာခံ ၂၅၁ ဦးကို ဂါဇာကမ်းမြောင်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ၎င်းတို့အနက် ၄၄ ဦးမှာ သေဆုံးသွားကြောင်း သိရသည်။

ဟားမာ့စ်အဖွဲ့၏ တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် အစ္စရေးက ဂါဇာတွင် အကြီးစား စစ်ဆင်ရေးတစ်ရပ်ကို ဆင်နွှဲခဲ့ပြီး ဟားမာ့စ်တို့အုပ်ချုပ်သည့် ကျန်းမာရေးဝန်ကြီးဌာန၏ ဖော်ပြချက်အရ ဂါဇာတွင် လူပေါင်း ၇၄၂၀၀ ကျော် သေဆုံးခဲ့ပြီး၊ အဆိုပါ ကိန်းဂဏန်းများကို ကုလသမဂ္ဂက ယုံကြည်စိတ်ချရကြောင်း ယူဆထားသည်။

ပြီးခဲ့သည့် အောက်တိုဘာလက အပစ်အခတ်ရပ်စဲရေး ကြေညာခဲ့ချိန်မှစပြီး အစ္စရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ဂါဇာတွင် လူပေါင်း ၁၄၄၀ ကျော်သေဆုံးခဲ့ကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

စစ်ပွဲအပြီး ဂါဇာ၏ အုပ်ချုပ်ရေးဆိုင်ရာ အစီအမံများသည် ပုံဖော်စပြုလာပြီဖြစ်သော်လည်း လက်တွေ့တွင်မူ ထိုကိစ္စရပ်မှာ ကြီးမားစွာ ဖြေရှင်းနိုင်ခြင်း မရှိသေးပေ။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ဟားမာ့စ်တို့၏ တိုက်ခိုက်မှုအပြီးတွင် အစ္စရေးသည် လက်ဘန်နွန်နိုင်ငံရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့ အပါအဝင် ရှေ့တန်းဒေသ အများအပြားတွင် စစ်ပွဲများကို ဆင်နွှဲခဲ့သည်။

ဩဂုတ် ၅ ရက်က ပြောကြားခဲ့သည့် ၎င်း၏မိန့်ခွန်းတွင် နေတန်ယာဟုက ဟစ်ဇ်ဘိုလာအဖွဲ့ကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။

ထို့ပြင် နေတန်ယာဟုသည် ဖေဖော်ဝါရီလ ၂၈ ရက်က အစ္စရေးနှင့် အမေရိကန်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့မှုကြောင့် အရှေ့အလယ်ပိုင်း စစ်ပွဲကို စတင်ဖြစ်ပွားစေခဲ့သည့် အီရန်နိုင်ငံရှိ ဘာသာရေးခေါင်းဆောင်ပိုင်းကိုလည်း ဝေဖန်ပြစ်တင်ခဲ့သည်။

"အီရန်က အယာတိုလာ အစိုးရအနေနဲ့ ကျွန်တော်တို့ရဲ့ တည်ရှိမှုကို ခြိမ်းခြောက်ခွင့်ကို ကျွန်တော်တို့ ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ပါဘူး" ဟု နေတန်ယာဟုက ပြောကြားခဲ့ပြီး၊ အီရန်ခေါင်းဆောင်ပိုင်းမှာ သမိုင်းတစ်လျှောက် အားအနည်းဆုံး အခြေအနေတွင် ရှိနေသည်ဟု ထပ်လောင်းပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group