Eleven Media Group

■ ဖိလစ်ပိုင်လေယာဉ်တစ်စင်းက လေပိုင်နက်ကျူးကျော်ခဲ့ကြောင်း တရုတ်ပြောကြား

ဖိလစ်ပိုင် လေယာဉ်တစ်စီးသည် အောက်တိုဘာ ၄ ရက်က လေပိုင်နက်ကို ကျူးကျော်ဝင်ရောက်ခဲ့ကြောင်း တရုတ်က အောက်တိုဘာ ၅ ရက်တွင် စွပ်စွဲခဲ့ပြီး တောင်တရုတ်ပင်လယ်အတွင်း ရန်စသော လုပ်ရပ်များမပြုလုပ်ရန် သတိပေးလိုက်သည်။

တရုတ်သည် တောင်တရုတ်ပင်လယ်၏ နယ်နိမိတ်အားလုံးနီးပါးကို ပိုင်ဆိုင်ကြောင်း အခိုင်အမာ ပြောကြားထားသော်လည်း ထိုပြောကြားချက်ကို တရားဝင် ဥပဒေကြောင်းအရ အခြေအမြစ်မရှိကြောင်း နိုင်ငံတကာ အနုညာတခုံရုံးက ဆုံးဖြတ်ထားသည်။

အောက်တိုဘာ ၄ ရက်က စကာဘိုရော့ချ် သောင်ခုံအနီးတွင် Cessna 208 အမျိုးအစား လေယာဉ်ဖြင့် ကင်းလှည့်မှုတစ်ခုကို တရုတ် တိုက်လေယာဉ်တစ်စီးက နှောင့်ယှက်ခဲ့ကြောင်း ဖိလစ်ပိုင် စစ်တပ်က ပြောကြားခဲ့သည်။

တရုတ်စစ်တပ်၏ တောင်ပိုင်းစစ်ဒေသ ကွပ်ကဲရေးဌာနချုပ်ကမူ ဖိလစ်ပိုင် လေယာဉ်သည် တရုတ်နိုင်ငံ၏ ဟွမ်ယန်တောင်း (စကာဘိုရော့ချ် သောင်ခုံကို တရုတ်က ခေါ်သည့်အမည်) ၏ ပိုင်နက်လေကြောင်းအတွင်းသို့ တရားမဝင် ကျူးကျော်ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဖိလစ်ပိုင်၏ လုပ်ဆောင်ချက်သည် အခွင့်အရေးများကို ချိုးဖောက်ခြင်းဖြစ်ပြီး ရန်လိုသည့်လုပ်ရပ်များကို ချက်ချင်းရပ်တန့်ရန် တရုတ် စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ကျီရှီချန်က ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group