Eleven Media Group

ကုလသမဂ္ဂညီလာခံ လာတက်သည့် အီရန်ကိုယ်စားလှယ်အဖွဲ့ဝင် နှစ်ဦးကို အမေရိကန်က နှင်ထုတ်

ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ခဲ့သည့် အီရန်ကိုယ်စားလှယ်အဖွဲ့ဝင် နှစ်ဦးသည် အမေရိကန်နိုင်ငံမှ ထွက်ခွာရန် ညွှန်ကြားချက်ကို လိုက်နာခြင်းမရှိသဖြင့် ၎င်းတို့ကို နှင်ထုတ်လိုက်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၃ ရက်တွင် ကြေညာခဲ့သည်။

“ကုလသမဂ္ဂ အထွေထွေညီလာခံ ပြီးသွားပြီးတဲ့နောက် အချိန်အတော်ကြာသည်အထိ နယူးယောက်မှာ ဆက်လက်ရှိနေတဲ့ အီရန်ကိုယ်စားလှယ်အဖွဲ့ဝင် နှစ်ဦးကို အမေရိကန်နိုင်ငံကနေ နှင်ထုတ်လိုက်ပါပြီ” ဟု အမေရိကန်အရာရှိတစ်ဦးက AFP သတင်းဌာနကို ပြောသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ထိုကိစ္စကို အလေးအနက်ထား ဆောင်ရွက်နေကြောင်းလည်း ၎င်းအရာရှိကပြောသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရာချီနှင့် ၎င်း၏ကိုယ်စား လှယ်အဖွဲ့ကို စက်တင်ဘာ ၂၈ ရက်ကတည်းက နိုင်ငံမှထွက်ခွာရန် ညွှန်ကြားထားခဲ့ပြီး အောက်တိုဘာ ၂ ရက်တွင် အီရန်၏ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ထံမှ သတင်းရရှိပြီးနောက် ကိုယ်စားလှယ် အဖွဲ့ဝင်နှစ်ဦးက နိုင်ငံအတွင်း ဆက်လက်ရှိနေကြောင်း သိရသဖြင့် နှင်ထုတ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ကိုယ်စားလှယ်အဖွဲ့ဝင်တစ်ဦးက အောက်တိုဘာ ၂ ရက်ညတွင် အမေရိကန်မှ ထွက်ခွာသွားပြီး နောက်တစ်ဦးက အောက်တိုဘာ ၃ ရက်နံနက်ပိုင်းတွင် ထွက်ခွာသွားသည်ဟု Axios သတင်းက ဖော်ပြခဲ့သည်။

ယင်းမတိုင်မီ တစ်ပတ်ခန့်က အမေရိကန်နှင့် အီရန်အရာရှိများ ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပနေစဉ် နယူးယောက်မြို့၌ တွေ့ဆုံခဲ့ပြီး အီရန်နိုင်ငံပိုင် IRNA သတင်းဖော်ပြချက်အရ နှစ်နိုင်ငံအစိုးရချင်း တိုက်ရိုက် ဆွေးနွေးရန် နောက်ထပ်အစီအစဉ်မရှိကြောင်း သိရသည်။

Source: AFP

မူရင်းသတင်း — Eleven Media Group