
Flydubai လေယာဉ်ကို ပြန်ပေးဆွဲရန် ကြိုးပမ်းခဲ့သူဟု စွပ်စွဲခံထားရသည့် အိုမန်နိုင်ငံသား တွဲဖက်လေယာဉ်မှူးက ယခင်ကလည်း တဲလ်အဗစ်မြို့သို့ ပျံသန်းမည့် လေယာဉ်တစ်စင်းကို ပြန်ပေးဆွဲကာ ပျက်ကျစေရန် ရည်ရွယ်ခဲ့ပြီး နောက်မှ လေယာဉ်ပေါ်တွင် မိမိနှင့်သိကျွမ်းသူတစ်ဦး လိုက်ပါလာသည်ကို သိရသဖြင့် စိတ်ပြောင်းသွားခဲ့သည်ဟု စုံစမ်းစစ်ဆေးသူများကို ထုတ်ပြောခဲ့သည်။
စက်တင်ဘာ ၃၀ ရက်က ဖြစ်ပွားခဲ့သည့် Flydubai လေယာဉ်ဖြစ်စဉ်တွင် တွဲဖက်လေယာဉ်မှူးက လေယာဉ်ကို အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ရှိ ဘင်ဂူရီယွန်လေဆိပ် သို့မဟုတ် မြို့လယ်ရှိ အထပ်မြင့် အဆောက်အအုံတစ်ခုကို ဝင်တိုက်စေရန် အစီအစဉ်ရှိခဲ့သည်ဟု အမေရိကန်နှင့် အစ္စရေးသတင်းများတွင် ဖော်ပြထားသည်။ ၎င်းသည် အစွန်းရောက်အယူဝါဒကို လက်ခံထားသည့် တစ်ကိုယ်တည်း လှုပ်ရှားသူဟုလည်း ထိုသတင်းများက ဆိုသည်။
အစ္စရေးဝန်ကြီးချုပ်က အဆိုပါ တွဲဖက်လေယာဉ်မှူးသည် အစ္စလာမ္မစ် အစွန်းရောက်ဝါဒကို လက်ခံကျင့်သုံးလာစေရန် သွတ်သွင်းခံထားရသူဖြစ်ပြီး လေယာဉ်မှူး၊ ခရီးသည်များနှင့် အခြားလေယာဉ်အမှုထမ်းတစ်ဦးတို့၏ ဝိုင်းဝန်းတားဆီးမှုကြောင့်သာ 9/11 အကြမ်းဖက်တိုက်ခိုက်မှုကဲ့သို့ ကြီးမားသည့် ဘေးအန္တရာယ် မဖြစ်ပွားခဲ့ကြောင်း ပြောသည်။
စုံစမ်းစစ်ဆေးမှုနှင့် နီးစပ်သည့် သတင်းရင်းမြစ်များကို ကိုးကားပြီး အစ္စရေးမီဒီယာများ၏ ဖော်ပြချက်တွင် ခရီးသည် ၁၈၀ ကျော် လိုက်ပါလာသည့် Boeing 737 MAX လေယာဉ်ကို ဘင်ဂူရီယွန်လေဆိပ် သို့မဟုတ် တဲလ်အဗစ်မြို့လယ်ရှိ အထပ်မြင့်အဆောက်အအုံ တစ်ခုအတွင်း ဝင်တိုက်စေရန် ကြံစည်ထားခဲ့ကြောင်း၊ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်က အမေရိကန်တွင်ဖြစ်ပျက်ခဲ့သည့် အယ်လ်ကိုင်းဒါးအဖွဲ့၏ တိုက်ခိုက်မှုပုံစံမျိုးဖြစ်ကြောင်း ဆိုထားသည်။
သတင်းရင်းမြစ်များ၏ အဆိုအရ တွဲဖက်လေယာဉ်မှူးသည် အစွန်းရောက်အဖွဲ့အစည်းတစ်ခု သို့မဟုတ် ပြည်ပအစိုးရတစ်ရပ်၏ ကိုယ်စား လုပ်ဆောင်ခြင်းထက် တစ်ဦးတည်း ကြံစည်လုပ်ဆောင်ခဲ့ခြင်း ဖြစ်နိုင်ခြေ ပိုများသည်။
ယခုဖြစ်ရပ်နှင့်ပတ်သက်၍ လေကြောင်းလုံခြုံရေးဆိုင်ရာ အားနည်းချက်များအပေါ် မေးခွန်းထုတ်မှုများ ရှိလာသည်။ အထူးသဖြင့် အစွန်းရောက်အမြင်များ ရှိသည်ဆိုသည့် စိုးရိမ်မှုကြောင့် အိုမန်နိုင်ငံပိုင်လေကြောင်းလိုင်း Oman Air က လေယာဉ်မောင်းနှင်ခွင့် ပိတ်ပင်ကာ စီမံခန့်ခွဲရေးဆိုင်ရာ ရာထူးဘက်သို့ ပြောင်းရွှေ့ထားခဲ့သူကို Flydubai က မည်သို့ကြောင့် အလုပ်ခန့်ခဲ့သနည်း၊ အစ္စရေးနိုင်ငံသားများ လိုက်ပါလာသည့် လေယာဉ်ကို တဲလ်အဗစ်သို့ မောင်းနှင်ခွင့် မည်သို့ရခဲ့သနည်းဆိုသည့် အချက်များဖြစ်သည်။
ဒေသတွင်းတာဝန်ရှိသူများ၏ အဆိုအရ Oman Air လေကြောင်းလိုင်းသည် တွဲဖက်လေယာဉ်မှူး၏ အစွန်းရောက်အမြင်များကြောင့် လေယာဉ်မောင်းနှင်ခွင့် ပိတ်ပင်ခဲ့ပြီး စီမံခန့်ခွဲရေးဘက်သို့ တာဝန်ပြောင်းရွှေ့ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ယူအေအီးအခြေစိုက် Flydubai လေကြောင်းလိုင်းက ၎င်းကို အလုပ်ခန့်ခဲ့သည်။
အလုပ်ခန့်စဉ် ပုံမှန်လုံခြုံရေး စစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း ၎င်း၏နောက်ခံအခြေအနေကို စစ်ဆေးရာတွင် အစွန်းရောက်ဝါဒ လက်ခံကျင့်သုံးနေသည့် လက္ခဏာများ ရှိ၊ မရှိ သီးခြားစစ်ဆေးခဲ့ခြင်း မရှိကြောင်း ဒေသတွင်းတာဝန်ရှိသူများက ပြောသည်။
Photo: Reuters