
တူရကီသမ္မတ ရီဆက် တေယစ် အာဒိုဂန်သည် ဂျူးဆန့်ကျင်ရေး အာဏာရှင်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဩဂုတ် ၂၁ ရက်တွင် ပြောကြားခဲ့ကာ ဒေသတွင်းတည်ငြိမ်မှုကို ပျက်ပြားစေရန် တူရကီ၏ ကြိုးပမ်းမှုများကို အစ္စရေးအနေဖြင့် ပြင်းပြင်းထန်ထန် တုံ့ပြန်ဆောင်ရွက်သွားမည်ဟု ကတိပြုခဲ့သည်။
ယခု ထုတ်ပြန်ချက်သည် တူရကီနယ်စပ်အနီးရှိ ဆီးရီးယားနိုင်ငံမြောက်ပိုင်း လေတပ်စခန်းတစ်ခုကို အစ္စရေးက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဆီးရီးယားက စွပ်စွဲခဲ့ပြီးနောက် ရက်ပိုင်းအလိုတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
တူရကီသည် ထိုနေရာတွင် စစ်ဘက်ဆိုင်ရာ တပ်စွဲမှုပြုလုပ်ရန် ကြိုးပမ်းနေကြောင်း နေတန်ယာဟုက ပြောကြားခဲ့သော်လည်း တူရကီကမူ အဆိုပါနေရာသို့ သွားရောက်ခြင်းမရှိကြောင်း ငြင်းဆိုထားသည်။
ထို့ပြင် ဂါဇာသို့သွားရောက်သည့် အကူအညီပေးရေး သင်္ဘောအုပ်စုကို အစ္စရေးက ကြားဖြတ်ဟန့်တားခဲ့မှုနှင့် ပတ်သက်ပြီး နေတန်ယာဟုအား လူမျိုးတုံးသတ်ဖြတ်မှုဖြင့် စွပ်စွဲကာ အပြည်ပြည်ဆိုင်ရာ ဖမ်းဝရမ်းထုတ်ပေးရန် လျှောက်ထားခဲ့ကြောင်း ဩဂုတ် ၂၁ ရက်က တူရကီ၏ ကြေညာချက်ထုတ်ပြန်အပြီးတွင် ယခုကဲ့သို့ သဘောထားတင်းမာမှုများ ဆက်လက်ဖြစ်ပေါ်လာခြင်းဖြစ်သည်။
"အစ္စရေးဟာ တူရကီရဲ့ သူတော်ကောင်းဟန်ဆောင်မှုတွေကို ဟိုးအရင်ကတည်းက အထင်မကြီးခဲ့ပါဘူး။ အာဒိုဂန်ဟာ ကာ့ဒ်လူမျိုးတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သူ၊ ဟားမာ့စ်အဖွဲ့ရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို ထောက်ခံခဲ့သူ၊ တူရကီပြည်သူတွေကို ဖိနှိပ်ချုပ်ချယ်နေတဲ့ ဂျူးဆန့်ကျင်ရေး အာဏာရှင်တစ်ဦးဖြစ်ပါတယ်" ဟု နေတန်ယာဟု၏ ရုံးအဖွဲ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဒေသတွင်းတည်ငြိမ်မှုကို ပျက်ပြားစေရန် တူရကီ၏ကြိုးပမ်းမှုများနှင့် မိမိတို့ လုံခြုံရေးကို ခြိမ်းခြောက်သည့် မည်သည့်အန္တရာယ်ကိုမဆို အစ္စရေးအနေဖြင့် ပြင်းပြင်းထန်ထန် ဆက်လက်တုံ့ပြန်ဆောင်ရွက်သွားမည်ဟုလည်း ထပ်လောင်းဖော်ပြထားသည်။
ဩဂုတ် ၁၈ ရက်တွင် ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း အလက်ပိုမြို့အနီးရှိ အသုံးမပြုတော့သည့် စစ်ဘက်ဆိုင်ရာ လေတပ်စခန်းဟောင်းတစ်ခုကို အစ္စရေးက တိုက်ခိုက်ခဲ့သည်ဟု ဆီးရီးယားနိုင်ငံက စွပ်စွဲခဲ့သည်။
အဆိုပါနေရာသို့ တူရကီ စစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ မကြာမီက သွားရောက်ခဲ့သည်ဟု အစ္စရေးက ပြောကြားခဲ့ပြီး ယင်းခရီးစဉ်သည် လေတပ်စခန်းကို ပြန်လည်အသုံးပြုနိုင်ရန် ကြိုးပမ်းမှုများ၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ဆီးရီးယားစစ်ပွဲစောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့က ပြောကြားခဲ့သည်။
တူရကီကမူ အဆိုပါ လေတပ်စခန်း၌ မည်သည့်စစ်ဘက်ဆိုင်ရာ တပ်စွဲမှုမျှမရှိကြောင်း ဩဂုတ် ၂၀ ရက်တွင် ငြင်းဆိုခဲ့ပြီး ဆီးရီးယား၏ အချုပ်အခြာအာဏာကို ပြတ်ပြတ်သားသား ဆက်လက်ထောက်ခံသွားမည်ဟု ကတိပြုခဲ့သည်။
ဩဂုတ် ၂၁ ရက်တွင် နေတန်ယာဟု၏ ရုံးအဖွဲ့က အင်္ဂလိပ်ဘာသာဖြင့် ထုတ်ပြန်သည့် ကြေညာချက်တစ်ခု၌ အာဒိုဂန်သည် အစ္စရေးအပေါ် ၎င်း၏ ရန်လိုမှုများကို ဆီးရီးယားနိုင်ငံအတွင်းသို့ပါ ချဲ့ထွင်ရန် ကြိုးပမ်းနေသည်ဟု စွပ်စွဲခဲ့ပြီး အစ္စရေးအနေဖြင့် လုံးဝသည်းခံမည်မဟုတ်ကြောင်း ဖော်ပြခဲ့သည်။
Ref: AFP