
တရုတ်နိုင်ငံမြောက်ပိုင်းမှ အသက်ငါးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အလေးချိန် ၅၀ ဂရမ်ရှိ ရွှေတုံးတစ်တုံးကို မတော်တဆ မျိုချမိသဖြင့် ဆေးရုံတင်လိုက်ရသည့်ဖြစ်ရပ် လူမှုကွန်ရက်တွင် ပျံ့နှံ့လာသည်။ ပေကျင်းကလေးဆေးရုံ၏ ထုတ်ပြန်ချက်အရ ကလေးကို ဩဂုတ် ၁၆ ရက်က အောင်မြင်စွာကုသပေးနိုင်ခဲ့သည်။
အရှည် လေးစင်တီမီတာ၊ အလေးချိန် ၅၀ ဂရမ်ရှိ ရွှေတုံးကို ကလေးက မျိုချမိပြီး ခြောက်နာရီခန့်အကြာတွင် ဆေးရုံသို့ရောက်လာခဲ့သည်။ ဓာတ်မှန်ရိုက်စစ်ဆေးကြည့်ရာ အစာအိမ်ထဲ၌ ရွှေတုံးပိတ်နေသည်ကို တွေ့ရှိခဲ့သည်။
ရွှေတုံးသည် မာကျောသိပ်သည်းသည့်အပြင် မျက်နှာပြင်ကလည်း ချောနေသဖြင့် အစာခြေလမ်းကြောင်းအတွင်း ပိတ်မိနိုင်သည့် အန္တရာယ်ရှိသည်။ အကျိုးဆက်က အစာအိမ်နံရံ ထိခိုက်ပွန်းပဲ့ခြင်း၊ အစာအိမ်ပေါက်ခြင်းနှင့် သွေးထွက်များခြင်းတို့ ဖြစ်နိုင်သည်ဟု ဆေးရုံက ပြောသည်။
ကလေးက အိမ်တွင်ကစားနေစဉ် ရွှေတုံးကို မတော်တဆမျိုချမိခြင်းဖြစ်သည်။ ဆေးရုံသို့မရောက်မီ ဆေးခန်းအချို့ကို သွားပြခဲ့သေးသည်။ သို့သော် အစာခြေလမ်းကြောင်းအတွင်းရှိ ပြင်ပပစ္စည်းများကို အရေးပေါ် အန်ဒိုစကုပ်ဖြင့် ဖယ်ရှားပေးနိုင်သည့် ကိရိယာမရှိသဖြင့် ကလေးဆေးရုံသို့ ရောက်လာခြင်းဖြစ်သည်။
ရွှေတုံးသည် အစာအိမ်ထဲမှ ကျဉ်းမြောင်းသည့်နေရာတစ်ခုတွင် ပိတ်မိနေသည်ကို ဆရာဝန်များက တွေ့ခဲ့ပြီး အလွန်ကျဉ်းမြောင်းသဖြင့် ဖယ်ရှားသည့်အခါ အနည်းငယ်တိမ်းစောင်းရုံမျှဖြင့် အစာခြေလမ်းကြောင်းနံရံ ထိခိုက်နိုင်သည်။ ဆရာဝန်များက အန်ဒိုစကုပ်မှတစ်ဆင့် ကြိုးကွင်းပုံစံ snare ကိရိယာဖြင့် ရွှေတုံးကို သေချာဖြည်းဖြည်းချင်း ဆွဲထုတ်ခဲ့သည်။ မိနစ်အနည်းငယ်အတွင်း ရွှေတုံးကို မပျက်မစီး အောင်မြင်စွာဖယ်ရှားနိုင်ခဲ့သည်။ ကလေးလည်း ပြန်လည်သက်သာလာပြီဟု သိရသည်။
ယင်းဖြစ်ရပ်က ဆိုရှယ်မီဒီယာအသုံးပြုသူများကြား ပြောစရာဖြစ်ခဲ့ရပြီး မှတ်ချက်ရေးသူတစ်ဦးက “ ငါးနှစ်အရွယ်ကလေး လက်လှမ်းမီတဲ့နေရာမှာ ရွှေတုံးတစ်တုံး ရှိနေနိုင်လောက်အောင် အဲဒီမိသားစုက ဘယ်လောက်ချမ်းသာလိုက်သလဲ” ဟု ရေးခဲ့သည်။
Ref: South China Morning Post