Eleven Media Group

■ နိုင်ဂျီးရီးယား၌ ဂျီဟတ်များ၏ တိုက်ခိုက်မှုကြောင့် အရပ်သား ဒါဇင်ပေါင်းများစွာ သေဆုံး

နိုင်ဂျီးရီးယား အလယ်ပိုင်း နိုက်ဂျာပြည်နယ်တွင် သောကြာနေ့ (ဩဂုတ် ၂၁ ရက်) ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်နေစဉ်အတွင်း ဂျီဟတ်များ၏ တိုက်ခိုက်မှုကြောင့် အရပ်သား အများအပြား သေဆုံးခဲ့ပြီး အချို့မှာ ပြန်ပေးဆွဲခံခဲ့ရသည်ဟု လွတ်မြောက်လာသူများနှင့် လွှတ်တော်အမတ်များက AFP သို့ ပြောကြားခဲ့သည်။

​အာဖရိက၏ လူဦးရေအများဆုံးဖြစ်သော နိုင်ဂျီးရီးယားနိုင်ငံသည် ဂျီဟတ်များ၏၁၇ နှစ်ကြာ သူပုန်ထမှုကို ရင်ဆိုင်နေရပြီး အဆိုပါအဖွဲ့များသည် ၂၀၁၄ ခုနှစ်က ချီ‌ဘော့မြို့မှ ကျောင်းသူ ရာပေါင်းများစွာကို ပြန်ပေးဆွဲခဲ့သလို လူအစုလိုက်အပြုံလိုက် ပြန်ပေးဆွဲခြင်းကို အဓိက နည်းဗျူဟာအဖြစ် အသုံးပြုလျက်ရှိသည်။

​ထိုသူပုန်ထမှုများသည် အရှေ့မြောက်ပိုင်းတွင် အဓိကဖြစ်ပွားနေသည်ဆိုသော်လည်း ဩဂုတ်လ ၂၁ ရက် တိုက်ခိုက်မှုမှာ ဘီနင်နိုင်ငံ နယ်စပ်အနီး အနောက်ဘက်ဒေသ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ပဋိပက္ခများ ပိုမိုပြန့်နှံ့လာသည်နှင့်အမျှ အိမ်နီးချင်း ဆာဟယ်မှ စစ်သွေးကြွများနှင့် ဒေသတွင်း လက်နက်ကိုင်အဖွဲ့များ၏ လှုပ်ရှားမှုများ အဆိုပါဒေသတွင် တိုးပွားလာခဲ့သည်။

​"ပုံမှန် သောကြာနေ့ ဝတ်ပြုဆုတောင်းပွဲ ပြီးပြီးချင်းမှာပဲ လက်နက်၊ ဓားတွေကို ကိုင်ဆောင်ထားတဲ့ 'လာကူရာဝါ'လက်နက်ကိုင်အဖွဲ့ဝင် ရာပေါင်းများစွာဟာ ကျွန်တော်တို့ကို စတင်တိုက်ခိုက်ခဲ့ပါတယ်" ဟု ဘိုဂူ ဒေသဆိုင်ရာအစိုးရနယ်မြေအတွင်းရှိ ဒီကီရာကျေးရွာ တိုက်ခိုက်မှုမှ လွတ်မြောက်လာသူ ဂျိဘရီးလ် အာမက်က ပြောကြားခဲ့သည်။

​"ကျွန်တော်တို့ဟာ အစ္စလာမ်ဘာသာရဲ့ စစ်မှန်တဲ့ ဆုံးမသွန်သင်ချက်တွေကို လိုက်နာကျင့်သုံးခြင်းမရှိဘူးလို့ စွပ်စွဲပြီး အချို့ကို သတ်ဖြတ်ခဲ့ကြပါတယ်" ဟု အာမက်က ဆက်လက်ပြောကြားသည်။

​အနီးနားရှိ ဘင်းဇီကျေးရွာလည်း တိုက်ခိုက်ခံခဲ့ရကြောင်း အာမက်နှင့် ဖက်ဒရယ် လွှတ်တော်ကိုယ်စားလှယ် ဂျာဖာရူ မိုဟာမက်တို့က AFP သို့ အတည်ပြုပြောကြားခဲ့သည်။

​လာကူရာဝါအဖွဲ့သည် လျှို့ဝှက်သော အဖွဲ့ဖြစ်ပြီး သုတေသီအချို့က ၎င်းတို့အား ဘာကီနာဖာဆို၊ မာလီနှင့် နိုက်ဂျာနိုင်ငံတို့တွင် လှုပ်ရှားလျက်ရှိသော အစ္စလာမ်မစ်စတိတ် ဆာဟယ်အဖွဲ့ (ISSP) နှင့် ဆက်နွှယ်မှုရှိကြောင်း သုံးသပ်ထားကြသည်။

Ref:AFP
AFP photos

မူရင်းသတင်း — Eleven Media Group