Eleven Media Group

■ တောင်ကိုရီးယားနိုင်ငံတွင် မကြာသေးမီက ဘဏ်စနစ်များ အဟက်ခံရမှုတွင် AI နည်းပညာကို အသုံးပြုခြင်း ဖြစ်နိုင်ကြောင်း တောင်ကိုရီးယားသမ္မတ ပြောကြား

တောင်ကိုရီးယားနိုင်ငံတွင် မကြာသေးမီက ဘဏ်စနစ်များ အဟက်ခံရမှုတွင် AI နည်းပညာကို အသုံးပြုခြင်းဖြစ်နိုင်ကြောင်း တောင်ကိုရီးယားသမ္မတ လီဂျေမြောင်က အောက်တိုဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။

တောင်ကိုရီးယား၏ ငွေကြေးကဏ္ဍကို ပစ်မှတ်ထားသည့် ဆိုက်ဘာတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများကို စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း တောင်ကိုရီးယား၏ အကြီးဆုံးဘဏ်အချို့ အပါအဝင် ဘဏ္ဍာရေးအင်စတီကျူးရှင်း ခုနစ်ခုတွင် အသုံးပြုသူများ၏ အချက်အလက်များ ဖောက်ထွင်းခံရကြောင်း တင်ပြခဲ့သည်။

AI စနစ်များအနေဖြင့် ယခင်က မသိရသော ဆော့ဖ်ဝဲ အားနည်းချက်များကို ရှာဖွေနိုင်စွမ်းရှိခြင်းနှင့် ဘဏ်များ၊ ကုမ္ပဏီများ သို့မဟုတ် အစိုးရ၏ အခြေခံအဆောက်အအုံများကို ဟက်နိုင်စွမ်းရှိခြင်းတို့ကြောင့် နည်းပညာကုမ္ပဏီများ၏ နောက်ဆုံးပေါ် AI မော်ဒယ်များကို တစ်ကမ္ဘာလုံးက အာရုံစိုက်လာခဲ့သည်။

“အချို့သော ဟက်ကာ တိုက်ခိုက်မှုတွေမှာ AI ကို အသုံးပြုခဲ့တဲ့ လက္ခဏာတွေ တွေ့ရှိရပြီး၊ ဒါဟာ ပြည်သူတွေကြားမှာ သိသိသာသာ ထင်ရှားတဲ့ စိုးရိမ်ပူပန်မှုကို ဖြစ်ပေါ်စေပါတယ်” ဟု သမ္မတလီက အောက်တိုဘာ ၆ ရက်တွင် ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

“အခုအခါမှာတော့ အရမ်းကျွမ်းကျင်မှု မရှိတဲ့သူတွေတောင်မှ AI ကို အသုံးပြုပြီး ဟက်ကာတွေလို ဆိုက်ဘာတိုက်ခိုက်မှုတွေကို လွယ်လွယ်ကူကူ ပြုလုပ်နိုင်တဲ့ အဆင့်ကို ရောက်ရှိလာခဲ့ပါပြီ” ဟု လီက ပြောကြားခဲ့သည်။

အဆိုပါ ဟက်ကာများ၏ ဆိုက်ဘာတိုက်ခိုက်မှုများကြောင့် လူပေါင်း ၆၀၀၀ ကျော် ထိခိုက်နစ်နာခဲ့ရကြောင်း ဘဏ္ဍာရေးဝန်ဆောင်မှုဆိုင်ရာ ကော်မရှင်က ဖော်ပြခဲ့သည်။

“AI နည်းပညာ တိုးတက်လာတာနဲ့အမျှ ဟက်တဲ့ နည်းလမ်းတွေဟာ ပိုမိုဆန်းသစ်လာပြီး၊ ထိခိုက်ပျက်စီးမှု ပမာဏဟာလည်း အတိတ်ကနဲ့ နှိုင်းယှဉ်ဖို့ ခက်ခဲပြီး နယ်ပယ်အသီးသီးရှိ ပျံ့နှံ့လျက်ရှိပါတယ်။ အစိုးရ၊ ကုမ္ပဏီတွေနဲ့ ကျွန်တော်တို့ လူအဖွဲ့အစည်းတစ်ခုလုံးအနေနဲ့ စိုးရိမ်စရာကောင်းတဲ့ လက်ရှိအခြေအနေကို အထူးသတိထားကြဖို့ လိုအပ်ပါတယ်” ဟု လီက ပြောကြားခဲ့သည်။

လီ၏ တိုက်တွန်းမှုကြောင့် စုံစမ်းစစ်ဆေးမှုတစ်ခုကို စတင်လိုက်ပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့က အောက်တိုဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။

အစိုးရ တာဝန်ရှိသူတစ်ဦးက အေအက်ဖ်ပီ သတင်းဌာနကို ပြောကြားရာတွင် အဆိုပါ တိုက်ခိုက်မှုများတွင် တရုတ်နိုင်ငံ၏ AI စနစ်တစ်ခုဟု ယူဆရသော Artex AI လုံခြုံရေး စစ်ဆေးသည့် tool ကို အသုံးပြုခဲ့ဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။

သို့သော်လည်း ထို tool ကို အသုံးပြုခြင်းကြောင့် တိုက်ခိုက်သူများသည် တရုတ်နိုင်ငံသားများ ဖြစ်သည်ဟု မဆိုလိုကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

“ဟက်ကာတွေဟာ နေရာအများအပြားက IP Address တွေကိုမှ ပြောင်းပြီး အသုံးပြုနိုင်တာကြောင့် IP Address တစ်ခုတည်းကို အခြေခံပြီး ဆိုက်ဘာတိုက်ခိုက်သူကို အတိအကျ ဖော်ထုတ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး” ဟု ဘဏ္ဍာရေး လုံခြုံရေး အင်စတီကျူးရှင်း၏ အကြီးအကဲ ပါ့ခ်ဆန်းဝန်က သတင်းထောက်များကို ပြောကြားခဲ့သည်။

IP Address ဆိုသည်မှာ အင်တာနက် ချိတ်ဆက်မှု တစ်ခုချင်းစီတွင် သီးသန့်သတ်မှတ်ပေးထားသည့် ထူးခြားသော နံပါတ်တစ်ခုဖြစ်သည်။

Ref: AFP

မူရင်းသတင်း — Eleven Media Group