Eleven Media Group

■ မော်တော်ယာဉ်နှင့်ပတ်သက်သည့် အထောက်ထား မရရှိသေးသည့် ဆိုင်ကယ်များကို ယာယီနံပတ်များ တပ်ဆင်ပြီး ရောင်းချခြင်းအား ခွင့်ပြုထားခြင်း မရှိကြောင်း မန္တလေးတိုင်းလွှတ်တော်တွင်ပြောကြား

မော်တော်ယာဉ်နှင့်ပတ်သက်သည့်အထောက်ထားမရရှိသေးသည့်ဆိုင်ကယ်များကို ယာယီနံပတ်များတပ်ဆင်ပြီး ရောင်းချခြင်းအား တရားဝင်ဖွင့်လှစ်ခွင့်ပြုထားသော မော်တော်ဆိုင်ကယ် အရောင်းပြခန်းများတွင် ရောင်းချခွင့်ပြုထားခြင်းမရှိကြောင်း မန္တလေးတိုင်းလွှတ်တော်တွင်ပြောကြားချက်အရ သိရသည်။

အောက်တိုဘာလ၆ရက်ကပြုလုပ်ခဲ့သော မန္တလေးတိုင်း​ဒေသကြီးလွှတ်တော်အစည်းဝေးတွင်" မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အတော်များများရှိ ပြည်သူများသည် မော်တော်ဆိုင်ကယ် များကိုသာ အဓိက အသုံးပြုသွားလာနေကြရာမန္တလေးမြို့နှင့်မြို့နယ်အတော်များများရှိ မော်တော်ဆိုင်ကယ်အရောင်းဆိုင်များသည် မော်တော်ဆိုင်ကယ်နှင့် ပတ်သက်သော ကညန မှ ထုတ်ပေးထားသော ဝှီးတက် ၊ အုံနာစာအုပ် ၊ ဖောင်းကြွနံပါတ်ပြားများမပါရှိပဲ မိမိတို့မော်တော်ဆိုင်ကယ် အရောင်းဆိုင်များရဲ့ အမှတ်သားပါ ယာယီကဒ်ပြားများ တပ်ဆင်ပြီး ရောင်းချနေကြသည်ကို တွေ့ရှိရကြောင်း၊ ပြည်သူများမှလည်း မိမိတို့ ဝယ်ယူထားသော မော်တော်ဆိုင်ကယ်များသည် လိုင်စင်ပါ ဆိုင်ကယ်များဖြစ်တာကြောင့် ရုံးသွားရုံးပြန် ၊ ကျောင်းသွားကျောင်းပြန် ၊ အလုပ်သွား အလုပ်ပြန် စီးနင်းအသုံးပြုကြသောအခါ လမ်းတွင် ယာဉ်စည်းကမ်းထိန်းသိမ်းရေး ဆောင်ရွက်နေ တာဝန်ရှိသူ များနှင့် တွေ့သော အခါ မော်တော်ဆိုင်ကယ်နှင့် သက်ဆိုင်သော အထောက်အထားများ ပြည့်စုံအောင် မပါရှိသောကြောင့် ပြည်သူများမှာ ယာဉ်စည်းကမ်းဥပဒေအရ အရေးယူခံနေကြရပါသည်။

သို့ဖြစ်ပါ၍ မပြည့်စုံသော မော်တော်ဆိုင်ကယ်များကို တရားဝင် ရောင်းချခွင့်ပြုထား၊ ခွင့်မပြုထားသည်ကို သိရှိလိုကြောင်း" ကို သပိတ်ကျင်းမြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၂)မှ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇော်ဇော်မျိုးမှ မေးမြန်းခဲ့သည်။

မေးခွန်းနှင့်ပတ်သက်ပြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်မိုးသက်က" မော်တော်ယာဉ်အရောင်းစင်တာနှင့် အရောင်းပြခန်းများ ဖွင့်လှစ်ခွင့်ပြုရာတွင် လိုအပ်သည့် စံချိန်စံညွှန်းကိုက်ညီ မှန်ကန်မှု ရှိမရှိ နှင့်အရောင်းစင်တာ၊ အရောင်းပြခန်း စည်းမျဉ်းစည်းကမ်းများအတိုင်း ကိုက်ညီမှုရှိမရှိအခြေအနေအား စိစစ်တင်ပြနိုင်ရေး အတွက် စားသုံးသူရေးရာဦးစီးဌာနမှ ခေါင်းဆောင်၍ကုန်သွယ်ရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ မန္တလေးမြို့ တော်စည်ပင်သာယာရေး ကော်မတီ၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတို့မှကိုယ်စားလှယ်(၇)ဦးဖြင့် မန္တလေးတိုင်း ဒေသကြီး၊ မော်တော်ယာဉ်အရောင်းစင်တာမြေပြင်စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းထား၍ ဖွင့်လှစ်ခွင့်ပြု လျက်ရှိပါသည်။

اမန္တလေးတိုင်းဒေသကြီးတွင် မော်တော်ယာဉ်အရောင်းစင်တာမြေပြင်စစ်ဆေးရေးအဖွဲ့၏ စိစစ်တင်ပြမှုဖြင့် ဖွင့်လှစ်လျက်ရှိသော လျှပ်စစ်သုံးမော်တော်ယာဉ်အရောင်းပြခန်းအပါအဝင် မော်တော်ယာဉ်အရောင်းစင်တာစုစုပေါင်း (၆၉)ခု ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ ဆိုင်ကယ်အရောင်းဆိုင်များတွင် ဝှီးတက်၊ အုံနာစာအုပ်၊ ဖောင်းကြွနံပါတ်ပြားမပြည့်စုံသော မော်တော်ဆိုင်ကယ်များကို တရားဝင်ဖွင့်လှစ်ခွင့်ပြုထားသော မော်တော်ဆိုင်ကယ် အရောင်းပြခန်းများတွင် ရောင်းချခွင့်ပြုထားခြင်းမရှိပါ။သို့ဖြစ်ပါ၍ မန္တလေးတိုင်းဒေသကြီးအတွင်း ဖွင့်လှစ်သည့် မော်တော်ယာဉ်မော်တော် ဆိုင်ကယ်များ အရောင်းပြခန်းများတွင် လိုင်စင်မဲ့မော်တော်ယာဉ်မော်တော်ဆိုင်ကယ်များ ရောင်းချမှု မရှိစေရေးအတွက်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီများမှ ဦးဆောင်၍ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊‘ယာဉ်ထိန်းရဲတပ်ဖွဲ့၊ တိုင်းဒေသကြီးစည်ပင် သာယာရေးအဖွဲ့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတို့ပါဝင်သော်အဖွဲ့ဖြင့် ကွင်းဆင်း စစ်ဆေးခြင်း များအား၂ဝ၂၅ ခုနှစ်မှစ၍ အပတ်စဉ်စစ်ဆေး ဆောင်ရွက်လျက်ရှိသည်"ဟု ပြန်လည်ဖြေကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group