
ရောင်းအားအကောင်းဆုံး ဝတ္ထုများကို ဆက်တိုက်ရေးခဲ့သူဖြစ်ပြီး ကွန်ဆာဗေးတစ် လွှတ်တော်အမတ်အဖြစ် ထမ်းဆောင်ခဲ့ကာ မုသားသက်သေခံခဲ့မှုအဖြစ် ပြစ်ဒဏ်ချမှတ်ခံရဖူးသူ ဗြိတိန်စာရေးဆရာ ဂျက်ဖရေးအာချာသည် အသက် ၈၆ နှစ်အရွယ်တွင် ရုတ်တရက် ကွယ်လွန်သွားခဲ့သည်ဟု သူ၏ စာအုပ်များကို ထုတ်ဝေသည့် Harper Collins စာအုပ်တိုက်က ပြောကြားခဲ့သည်။
အာချာသည် အောက်တိုဘာ ၅ ရက်တွင် စာရေးလိုက် နားလိုက်ဖြင့် နေအိမ်တွင် ရုတ်တရက် ငြိမ်းချမ်းစွာ ကွယ်လွန်သွားခဲ့သည်ဟု ယင်းစာအုပ်တိုက်က ပြောကြားခဲ့သည်။
သူ၏အယ်ဒီတာ ကိတ်အယ်လ်တန်က အာချာသည် ဇာတ်လမ်းပြောပြရာတွင် ဆရာတစ်ဆူဖြစ်ပြီး အယ်ဒီတာတစ်ဦး၏ အိပ်မက်ဖြစ်သည်ဟု ပြောကြားသည်။
စာရေးဆရာသည် ယခုအပတ်ထဲ ချဲလ်တင်ဟမ်စာကြည့်တိုက်ပွဲ၌ “အာဒံနှင့်ဧဝ” ဝတ္ထုကို ဆွေးနွေးရန် စီစဉ်ထားသည် ဟု ဆိုသည်။ “အာဒံနှင့်ဧဝ” သည် သူ၏ဝတ္ထုရေးသက် နှစ် ၅၀ တွင် နောက်ဆုံးဝတ္ထု ဖြစ်သည်။
ထိုစာအုပ်ကို အောက်တိုဘာ ၆ ရက်တွင် ဖြန့်ချိရန် စီစဉ်ထားခဲ့သည်။
ဂျက်ဖရေးအာချာသည် အောက်တိုဘာ ၄ ရက်က လန်ဒန်မြို့တွင် ကျင်းပခဲ့သည့်ပွဲ၌ ပရိသတ်များကို လက်မှတ်ရေးထိုးပေးခဲ့သည်ဟု The Sun က ဖော်ပြခဲ့သည်။
အာချာသည် ဆီးကျိတ်ကင်ဆာဖြစ်နေကြောင်း ၂၀၁၄ ခုနှစ်တွင် ရောဂါရှာတွေ့ခဲ့သည်။
စာရေးဆရာသည် သူ၏ဝတ္ထုများထဲက ဇာတ်ကောင်များအတိုင်းပင် ဘဝကို အရောင်အသွေးစုံစွာ နေထိုင်ခဲ့သူဖြစ်သည်။ သူရေးသောဝတ္ထုစာအုပ်များသည် အုပ်ရေ သန်း ၃၀၀ ရောင်းခဲ့ရသည်ဟု သူ၏ဝဘ်ဆိုက်တွင် ဖော်ပြထားသည်။
အသက်ငယ်ရွယ်ချိန်တုန်းက ရည်မှန်းချက်ကြီးမားသော အာချာသည် စန်းကောင်းခြင်းနှင့် ရန်ပုံငွေရအောင်လုပ်နိုင်သည့် အရည်အသွေးများကြောင့် ကွန်ဆာဗေးတစ်ပါတီ၏ ထိပ်ပိုင်းသို့ရောက်အောင် လုပ်နိုင်ခဲ့ပြီး လန်ဒန်မြို့တော်ဝန်ဖြစ်ရန် မျှော်မှန်းခဲ့သည်။
သူ၏ပထမဆုံးဝတ္ထုမှာ ၁၉၇၅ ခုနှစ်တွင် ထုတ်ခဲ့သည့် Not a penny more, Not a penny less ဖြစ်သည်။
သူသည် ၂၀၀၁ ခုနှစ်တွင် အမှုဖြစ်ခဲ့သည်။ မုသားသက်သေထွက်ဆိုခြင်း၊ တရားစီရင်ရေးလမ်းကြောင်းကို သွေဖယ်အောင်လုပ်ခြင်းတို့ဖြင့် အပြစ်ရှိကြောင်းတွေ့ရှိရသဖြင့် ထောင်ဒဏ်လေးနှစ် ချမှတ်ခံခဲ့ရသည်ဆိုသော်လည်း ပြစ်ဒဏ် မစေ့မီ ၂၀၀၃ ခုနှစ်တွင် ပြန်လည်လွတ်မြောက်ခဲ့သည်။
Ref: AFP