
လွန်ခဲ့သောသီတင်းပတ်က အမေရိကန်ထောင်တွင် မအောင်မြင်သည့် ကွပ်မျက်မှုဖြစ်ပွားခဲ့ရာမှ အသက်မသေသော အမျိုးသမီးအကျဉ်းသူ ခရစ်စတာပိုက်သည် ယခုအခါ သတိပြန်ရနေပြီး စကားပြောနေပြီဟု သူ၏ရှေ့နေများက အောက်တိုဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။
၁၉၉၆ ခုနှစ်က ကောလင်းစလမ်းမားအား သတ်ဖြတ်မှုဖြင့် သေဒဏ်ပြစ်ဒဏ်ချမှတ်ခြင်းခံရသော ပိုက်၏ ရှေ့နေများသည် ယခုကဲ့သို့ သေဒဏ်စီရင်မှု အောင်မြင်မှုမရဖြစ်ခဲ့ပြီးနောက် ပြစ်ဒဏ်လျှော့ပေါ့ပေးရန် တောင်းဆိုလျက်ရှိသည်။
ပိုက်အား စက်တင်ဘာ ၃၀ ရက်က Pentobarbital သေဒဏ်ဆေး နှစ်ကြိမ်ထိုးနှံခဲ့သော်လည်း အသက်မသေသဖြင့် ၎င်းကို ဆေးရုံသို့ လူနာတင်ယာဉ်ဖြင့် အရေးပေါ် ပို့ဆောင်ခဲ့ရသည်။
"သေချာပေါက်သေရမယ့်အခြေအနေကို အံတုပြီး အခုတော့ သူက သတိပြန်ရနေပါပြီ။ စကားပြောနေပါပြီ။ အရေးကြီးတဲ့ ဆေးကုသမှုကို ဆက်လက်ခံယူနေပါတယ်"ဟု ပိုက်၏ရှေ့နေက အောက်တိုဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။
"လက်မောင်းဟာ ပြင်းပြင်းထန်ထန် ထိခိုက်ထားတာဖြစ်ပေမယ့် သူဟာ အိပ်ရာထဲမှာ လက်ထိတ်တန်းလန်း၊ သံခြေချင်းတန်းလန်းနဲ့ နေထိုင်နေရဆဲပါ"ဟု သူ၏ရှေ့နေများက ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။
"သူ ပြန်ကောင်းလာရေးဟာ ဆေးပညာအရ မကြုံစဖူး အနေအထားဖြစ်နေပါတယ်။ သူ့ရဲ့အနာဂတ် အလားအလာဟာ မရေရာသေးပါဘူး။ အနိမ့်ဆုံးတော့ ထူထူထောင်ထောင်ဖြစ်အောင် အချိန်ယူရမယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်"ဟု ပိုက်၏ရှေ့နေများက ထုတ်ပြန်ချက်တွင် ဆက်လက်ပြောကြားထားသည်။
လွတ်ငြိမ်းချမ်းသာဖြင့် ပြန်လွှတ်ပေးမည့် အလားအလာမရှိသည့် အနေအထားတွင် ပိုက်၏ပြစ်ဒဏ်ကို တစ်သက်တစ်ကျွန်းသို့ လျှော့ပေါ့ပေးရန် သူ၏ရှေ့နေများက တင်နက်ဆီအုပ်ချုပ်ရေးမှူး ဘီးလ်လီထံ ထပ်တလဲလဲတောင်းဆိုထားသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ တင်နက်ဆီပြည်နယ် အုပ်ချုပ်ရေးမှူး ဘီးလ်လီက သေဒဏ်စီရင်မှု လွဲချော်ခဲ့ရခြင်းအတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ညွှန်ကြားလိုက်ပြီး ယခုနှစ်အတွင်း ပြည်နယ်တွင်း ပြုလုပ်မည့် သေဒဏ်စီရင်မှုအားလုံးကို ဆိုင်းငံ့လိုက်သည်။
ခရစ်စတာပိုက်ကို သေဒဏ်စီရင်မှု မအောင်မြင်ဖြစ်ခဲ့ပြီးနောက် ထောင်အကြီးအကဲသည် ရာထူးမှ နုတ်ထွက်သွားခဲ့သည်။
ခရစ်စတာပိုက်သည် သွေးကြောငယ်လွန်းသောရောဂါ (Small veins) နှင့် အခြားကျန်းမာရေးပြဿနာအချို့ရှိနေခြင်းကြောင့် အဆိပ်ဆေးရည်သွင်းရန် ဆေးထိုးအပ် ချိတ်ရာတွင် အာဏာပိုင်များသည် အလွန်ရုန်းကန်ခဲ့ရသည်။
ယင်းကျန်းမာရေးအခြေအနေကြောင့် အဆိပ်ဆေးထိုးသည့်အခါ အဆင်မပြေဖြစ်နိုင်ကြောင်းကို သူ၏ရှေ့နေများက ကွပ်မျက်မှုမတိုင်မီ ကိုးလအလိုကတည်းက ကြိုတင်သတိပေး ကန့်ကွက်ခဲ့သော်လည်း အာဏာပိုင်များက ပယ်ချခဲ့သည်။
ဆေးဘက်ဆိုင်ရာပညာရှင်များက ဆေးထိုးအပ်များသည် အကြောထဲ ထိုးသွင်းသည့်အခါ လွဲချော်သွားနိုင်သည် သို့မဟုတ် သွေးကြောကို ထိုးဖောက်သွားနိုင်သည်ဟု သတိပေးခဲ့သည်။ သေစေသော ဆေးရည်များသည် လှည့်ပတ်နေသော သွေးထဲ
မရောက်ဘဲ ပိုက်၏လက်မောင်းထဲသို့ ရောက်သွားသည်ဟု ရှေ့နေစတီဖင်ဖာရယ်ကေ ပြာကြားခဲ့သည်။
တရားရုံးအမှုတွဲတွင် ဖော်ပြခဲ့ရာ၌ သေစေသော အဆိပ်ဆေးရည်ဖြစ်သည့် pentobarbital သည် အရေးပြား၊ တစ်ရှူးများနှင့် အကြောများကို လောင်စေနိုင်သော ကော့စတစ်ဓာတုဆေးရည်ဖြစ်သည်ဟု ဖော်ပြထားသည်။ ထို့ကြောင့် ခရစ်စတာပိုက် ဆေးရုံကို ရောက်လာချိန်တွင် ပိုက်၏လက်မောင်းများသည် ဖူးရောင်ပြီး ဖောင်းထနေသည်။
ဆေးရုံဝန်ထမ်းများသည် ပိုက်၏အသက်ကို ကယ်တင်ရန်နှင့် ၎င်း၏ခန္ဓာကိုယ်အတွင်း ရောက်ရှိနေသည့်အဆိပ်ဆေးများကို ဖယ်ရှားနိုင်ရန် ဆောင်ရွက်ခဲ့ရသည်ဟု ဆိုသည်။
သေဒဏ်စီရင်ရန် ကြိုးပမ်းစဉ်အတွင်း ထောင်အာဏာပိုင်များသည် ပိုက်အား အကြောဆေးပိုက် တပ်ဆင်နိုင်ရန် အနည်းဆုံး အပ်ခုနစ်ချောင်းဖြင့် ကြိုးစားခဲ့ကြကြောင်း ရှေ့နေများက ပြောကြားသည်။
ထို့အပြင် အပ်စိုက်ရခက်ခဲချိန်တွင် ပိုက်ကိုယ်တိုင် အပ်စိုက်နိုင်မည့်နေရာကို အကြံပြုပြောကြားခဲ့ရသည်ဟု ဆိုသည်။
"အပ်တစ်ချောင်းဆိုရင် ဖြုတ်ယူလိုက်တဲ့အချိန်မှာ ၉၀ ဒီဂရီလောက် ကွေးကောက်သွားတာကို တွေ့ရပါတယ်" ဟု ဆိုသည်။
အဆိပ်ဆေး နှစ်ကြိမ်ထိုးနှံခြင်းခံရစဉ်အတွင်း "လုပ်ငန်းစဉ်တစ်ခုလုံး၌ ၎င်း၏ ငိုကြွေးသံ၊ ညည်းတွားသံနှင့် အသက်ပြင်းပြင်းရှူသံများကို ကြားနေခဲ့ရသည်" ဟု ရှေ့နေများက ပြောကြားခဲ့သည်။
Ref: AFP