Eleven Media Group

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းကို ကျန်းမာရေးစစ်ဆေးပေးပြီးနောက် အကျဉ်းထောင်သို့ပြန်ပို့

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းကို အစိုးရဆေးရုံတစ်ရုံတွင် ဆရာဝန်များက ကျန်းမာရေးစစ်ဆေးပြီးနောက် အကျဉ်းထောင်တွင် ပြန်ထားနိုင်ပြီဆိုသည့် အခြေအနေသတ်မှတ်ကာ ဩဂုတ် ၂၁ ရက် အစောပိုင်းတွင် အကျဉ်းထောင်သို့ ပြန်လည်ပို့ဆောင်လိုက်ပြီဖြစ်သည်။

ပါကစ္စတန် သတင်းပြန်ကြားရေးဝန်ကြီးအဆိုအရ အီမရန်ခန်းကို မျက်စိအထူးကုဆရာဝန်၊ နှလုံးအထူးကုဆရာဝန်အပါအဝင် အရည်အချင်းပြည့်မီသည့် ဆရာဝန်အဖွဲ့ က စမ်းသပ်စစ်ဆေးခဲ့သည်ဟု သိရသည်။ယခုဆေးကုသခွင့်ရခြင်းသည် ၂၀၂၃ ခုနှစ်တွင် အကျင့်ပျက်ခြစားမှု စွဲချက်များဖြင့် အကျဉ်းချခံခဲ့ရပြီးနောက်ပိုင်း အီမရန်ခန်းအတွက် တရားရုံးမှပေးသည့် အရေးပါဆုံး အခွင့်အရေးတစ်ရပ်ဖြစ်သည်။

တရားရုံးအမိန့်ဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးရုံသာမက လပေါင်းများစွာ မိသားစုနှင့် တွေ့ခွင့်မရခဲ့သည့် အီမရန်ခန်းကို မိသားစုဝင်များနှင့်လည်း တွေ့ခွင့်ပြုထားပြီး ပြီးခဲ့သည့်ရက်ပိုင်းက ၄င်း၏မွေးချင်းတစ်ဦး အကျဉ်းထောင်တွင်လာတွေ့ခဲ့သည်။

အီမရန်ခန်းကို အစ္စလာမာဘတ်မြို့ရှိ ရှီဖာပုဂ္ဂလိကဆေးရုံသို့ပို့ရန် နဂိုကစီစဉ်ခဲ့ကြသည်။ ဆေးရုံအနီးတစ်ဝိုက် အတားအဆီးများ လုံခြုံရေးနှင့်ရဲကားများလည်း ချထားခဲ့သည်။ သို့သော် အီမရန်ခန်း၏ PTI ပါတီထောက်ခံသူအချို့က သတိပေးမှုများကိုလွန်ဆန်ပြီး ဆေးရုံအနီး လာစုဝေးခဲ့ကြသည်။

နောက်ပိုင်းတွင် ပြန်ကြား​ရေးဝန်ကြီး အတည်ပြုချက်အရ အီမရန်ခန်းကို ရှီဖာဆေးရုံသို့ မပို့ခဲ့ဘဲ အစိုးရပိုင်ဆေးရုံသို့သာ ပို့လိုက်ခြင်းဖြစ်သည်။ ရှီဖာဆေးရုံအပြင်ဘက် လုံခြုံရေးယူထားသည်မှာ အာရုံလွှဲရန် ဟန်ပြသက်သက်သာဖြစ်သည်။

ယခုနှစ် ဖေဖော်ဝါရီတွင် အီမရန်ခန်း၏ရှေ့နေက အကျဉ်းထောင်အာဏာပိုင်များက ခန်းကို အချိန်မီဆေးကုသခွင့် မပေးခဲ့ခြင်းကြောင့် ညာဘက်မျက်လုံး၏အမြင်အာရုံ ၁၅ ရာခိုင်နှုန်းခန့်သာ ကျန်တော့သည်ဟု ​​​ပြောခဲ့သည်။ထို့ကြောင့် တရားရုံးက အီမရန်ခန်း၏ဆေးရုံကုသမှုတွင် မျက်စိအထူးကုဆရာဝန်လည်း ပါဝင်စေခဲ့သည်။

ပါကစ္စတန်လက်ရွေးစင် ခရစ်ကတ်အသင်းကို ဦးဆောင်ခဲ့သူ အီမရန်ခန်းသည် ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်းသည် ၂၀၂၃ ခုနှစ် ဩဂုတ်တွင် အကျဉ်းချခံခဲ့ရပြီး နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားစေမှု၊ နိုင်ငံတော်လက်ဆောင်ပစ္စည်းများကို ရောင်းချမှုအပါအဝင် အမှု ၁၀၀ ကျော် ရင်ဆိုင်နေရသည်။၄င်းဘက်က ယင်းစွဲချက်အားလုံးကို နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားခြင်းဟု ငြင်းဆိုခဲ့သည်။

အီမရန်ခန်းတို့ ဇနီးမောင်နှံကို ပြီးခဲ့သည့်နှစ် နှစ်ကုန်ပိုင်းတွင် အမှုတစ်ခုဖြင့် ထောင်ဒဏ် ၁၇ နှစ်စီ ချမှတ်ခဲ့ပြန်သည်။ အကျဉ်းချခံထားရသည့်တိုင် အီမရန်ခန်းသည် ပါကစ္စတန်နိုင်ငံရေးလောကတွင် နိုင်ငံရေးသြဇာရှိနေဆဲဖြစ်ပြီး ၎င်းကို ထောက်ခံသူအများအပြား ဆက်လက်ရှိနေသေးသည်။

Ref: BBC

Photo: AP

မူရင်းသတင်း — Eleven Media Group