Eleven Media Group

■ ဂျပန်တွင် အမေရိကန်မရိန်းတပ်ဖွဲ့ဝင်တစ်ဦးက အမျိုးသမီးတစ်ဦးကို သတ်ဖြတ်ခဲ့သည်ဆိုသည့် စွပ်စွဲချက်ကြောင့် အိုကီနာဝါစခန်းရှိ အမေရိကန်တပ်ဖွဲ့ဝင်များကို ကာဖျူးမိန့်ထုတ်ပြန်ပြီး အရက်သောက်သုံးခွင့်ပိတ်ပင်

ဂျပန်တွင် အမေရိကန်မရိန်းတပ်ဖွဲ့ဝင်တစ်ဦးက အမျိုးသမီးတစ်ဦးကို သတ်ဖြတ်ခဲ့သည်ဆိုသည့် စွပ်စွဲချက်ကြောင့် အိုကီနာဝါစခန်းရှိ အမေရိကန်တပ်ဖွဲ့ဝင်များကို ရက်ပေါင်း ၃၀ ကြာ ကာဖျူးမိန့်ထုတ်ပြန်ခဲ့ပြီး အောက်တိုဘာ ၇ ရက်မှစတင်ကာ အရက်သောက်သုံးခွင့်ကို ၄၈ နာရီကြာပိတ်ပင်ခဲ့ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြခဲ့သည်။

အဆိုပါ ဖြစ်စဉ်သည် အမေရိကန်တပ်ဖွဲ့ဝင်များ ကျူးလွန်သည့်ပြစ်မှုများကြောင့် အမေရိကန်စစ်စခန်းချထားမှုအပေါ် ဝေဖန်ပြစ်တင်မှုများ ကြာမြင့်စွာရှိနေသည့် ဂျပန်နိုင်ငံအတွင်း ပြင်းထန်သော လူထုဒေါသကို ဖြစ်ပေါ်စေခဲ့သည်။

အိုကီနာဝါဒေသဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးနှင့် အမှတ် (၃) ပြည်ပစစ်ဆင်ရေး မရိန်းတပ်ဖွဲ့၏ တပ်မှူးဖြစ်သူ ဘင်ဂျမင် တီ ဝပ်ဆန်က အောက်တိုဘာ ၇ ရက်မှစတင်ပြီး စခန်းအတွင်းနှင့် စခန်းအပြင်ဘက် နှစ်နေရာစလုံးတွင် အရက်သောက်သုံးခွင့် လုံးဝပိတ်ပင်ကြောင်း ကြေညာခဲ့သည်။

ထို့ပြင် အောက်တိုဘာ ၉ ရက်မှစတင်ကာ ရက်ပေါင်း ၃၀ ကြာ ဆင်ခြင်သုံးသပ်ရေးကာလကိုလည်း ကြေညာခဲ့ပြီး တပ်ဖွဲ့ဝင်အားလုံးအတွက် ည ၁၂ နာရီတွင် ပြင်ပထွက်ခွင့် အချိန်ကုန်ဆုံးမည့် ညမထွက်ရအမိန့်ကို သတ်မှတ်ကျင့်သုံးသွားမည်ဟု ဖော်ပြခဲ့သည်။

ဗိုလ်ချုပ် ဝပ်ဆန်က စစ်ဆင်ရေးဆိုင်ရာ ရပ်နားမှုအဖြစ် သုံးနှုန်းပြောဆိုထားသည့် အဆိုပါ ၄၈ နာရီကာလသည် တပ်မှူးများအနေဖြင့် တပ်ဖွဲ့ဝင်များအားလုံးကို စံနှုန်းများ၊ စည်းကမ်းများနှင့် အိုကီနာဝါ အသိုင်းအဝိုင်း၏ အဖွဲ့ဝင်များအနေဖြင့် လိုက်နာရမည့် တာဝန်ဝတ္တရားများနှင့်ပတ်သက်ပြီး သင်တန်းများပေးနိုင်ရန် အချိန်ရရှိစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းကာလအတွင်း စစ်ဆင်ရေးလုပ်ငန်းများကို ရပ်ဆိုင်းထားမည်ဖြစ်ပြီး စခန်းပြင်ပသို့ ထွက်ခွင့်ပြုမည်မဟုတ်ကြောင်း အိုကီနာဝါရှိ ရာထူးအကြီးဆုံး အမေရိကန်စစ်ဘက် ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဝပ်ဆန်က ပြောဆိုခဲ့သည်။

အိုကီနာဝါတွင် တပ်စွဲထားသော အမေရိကန် မရိန်းတပ်ဖွဲ့ဝင်တစ်ဦးသည် နာဟာမြို့ရှိ ဟိုတယ်တစ်ခု၌ အသက် ၃၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးအား သတ်ဖြတ်ကာ ပိုက်ဆံအိတ်ကို ခိုးယူခဲ့မှုသံသယဖြင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း ဂျပန်ရဲတပ်ဖွဲ့က အောက်တိုဘာ ၄ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ အမျိုးသမီးသည် လည်ပင်းညှစ် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ပြီး ဖမ်းဆီးခံထားရသည့် မရိန်းတပ်ဖွဲ့ဝင်ကမူ စွပ်စွဲချက်များကို ငြင်းဆိုထားကြောင်း ဒေသတွင်း သတင်းမီဒီယာများက ဖော်ပြခဲ့ကြသည်။

အဆိုပါ လူသတ်မှုနှင့်ပတ်သက်ပြီး ဂျပန်နိုင်ငံ တိုကျိုမြို့တော်ရှိ အမေရိကန်သံရုံးအပြင်ဘက်တွင် ဆန္ဒပြမှုများလည်း ဖြစ်ပွားခဲ့သည်။

Ref: AFP

မူရင်းသတင်း — Eleven Media Group