
ရွှေချောင်းများနှင့်အတူ ဖမ်းဆီးခံခဲ့ရသည့် CIA အရာရှိဟောင်းတစ်ဦးက လိမ်လည်မှုစွဲချက်ဖြင့် အပြစ်ရှိကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။
ဒေးဗစ် ရပ်ရှ်အမည်ရှိ အဆိုပါ CIA အရာရှိဟောင်းသည် မေလအတွင်းက ၎င်း၏နေအိမ်တွင် အမေရိကန်ဒေါ်လာ ၄၅ သန်းကျော် တန်ဖိုးရှိ ရွှေချောင်းများစွာဖြင့် ဖမ်းဆီးခံခဲ့ရသူဖြစ်သည်။
အမေရိကန် တရားရေးဌာန၏ ထုတ်ပြန်ချက်အရ အသက် ၄၉ နှစ်အရွယ်ရှိပြီဖြစ်ပြီး CIA ထိပ်သီးအရာရှိဟောင်း ဒေးဗစ် ရပ်ရှ်အား ဇန်နဝါရီ ၂၈ ရက်တွင် ပြစ်ဒဏ်ချမှတ်မည်ဖြစ်ပြီး အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ် နှစ်ပေါင်း ၂၀ အထိ ကျခံရဖွယ်ရှိကြောင်း သိရသည်။
တရားလိုရှေ့နေများ၏ ဖော်ပြချက်အရ ရပ်ရှ်သည် CIA တွင် တာဝန်ထမ်းဆောင်ချိန် ကာလအတွင်း အစိုးရရန်ပုံငွေများကို ရယူရန်အတွက် အတုအယောင် လျှို့ဝှက်အစီအစဉ်တစ်ခုကို ဖန်တီးခဲ့ပြီးနောက် ယင်းရန်ပုံငွေများကို ၎င်း၏ ကိုယ်ကျိုးအတွက် အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းသည် အဆိုပါ အစီအစဉ်မှတစ်ဆင့် ငွေကြေးပမာဏ အမေရိကန်ဒေါ်လာ ၁၉၃ သန်းကို လိမ်လည်ရယူခဲ့ပြီး ယင်းငွေများဖြင့် ရွှေချောင်းများ၊ Rolex နာရီများ၊ လက်ဝတ်ရတနာများ၊ မော်တော်ယာဉ်များနှင့် ဖလော်ရီဒါပြည်နယ်ရှိ ဇိမ်ခံအိမ်ရာများကို ဝယ်ယူခဲ့ကြောင်း အစိုးရရှေ့နေများက ပြောကြားခဲ့သည်။
မေလအတွင်းက ဗာဂျီးနီးယားပြည်နယ်ရှိ ရပ်ရှ်၏ နေအိမ်အား စီးနင်းရှာဖွေမှုအတွင်း တရားဥပဒေစိုးမိုးရေး အရာရှိများက ရွှေချောင်းများနှင့် ရွှေတုံးများ ၂၉၈ ခုနှင့် အမေရိကန်ဒေါ်လာ ၂ သန်း တန်ဖိုးရှိ ငွေသားများကို သိမ်းဆည်းရမိခဲ့သည်။
တရားလိုရှေ့နေများ၏ ဖော်ပြချက်အရ ရပ်ရှ်သည် ၂၀၂၅ ခုနှစ်အတွင်းကလည်း အမေရိကန်၏ ထိပ်တန်းလျှို့ဝှက် အမျိုးသားကာကွယ်ရေး သတင်းအချက်အလက်များကို နိုင်ငံခြားအစိုးရအရာရှိတစ်ဦးထံသို့ ပေးပို့ခဲ့ကြောင်း သိရသည်။
အဆိုပါ နိုင်ငံခြားအစိုးရအရာရှိသည် မည်သူမည်ဝါဖြစ်ကြောင်းကိုမူ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။
"ဒေးဗစ် ရပ်ရှ်ဟာ သူ့ရဲ့ ရာထူးနေရာကို အလွဲသုံးစားလုပ်ခဲ့ပြီး ပြည်သူတွေရဲ့ ယုံကြည်မှုကို သစ္စာဖောက်ခဲ့တာကြောင့် သူလုပ်ခဲ့တဲ့ လုပ်ရပ်တွေအတွက် အပြည့်အဝ တာဝန်ယူရမှာဖြစ်ပါတယ်" ဟု CIA ညွှန်ကြားရေးမှူး ဂျွန် ရက်တ်ကလစ်ဖ်က ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။
"ကျွန်တော်တို့ နိုင်ငံရဲ့ လျှို့ဝှက်ချက်တွေကို အပ်နှင်းခံထားရသူတွေဟာ အမြင့်မားဆုံး စံချိန်စံညွှန်းတွေကို လိုက်နာစောင့်ထိန်းဖို့အတွက် အေဂျင်စီအနေနဲ့ အပြည့်အဝ သန္နိဋ္ဌာန်ချပြီး ဆောင်ရွက်နေပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။
Ref: AFP