
ရုရှား၏ ပလိပ်ရောဂါ ဓာတ်ခွဲခန်းဝန်ထမ်းတစ်ဦး သေဆုံးမှုနှင့်ပတ်သက်ပြီး ရုရှားအစိုးရအနေဖြင့် သတင်းအချက်အလက်များကို ပိုမိုမျှဝေပေးရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက အောက်တိုဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။
အောက်တိုဘာ ၂ ရက်က ရုရှား၏ ဆိုက်ဘေးရီးယားဒေသရှိ ပလိပ်ရောဂါ သုတေသနအင်တီကျုမှ ဓာတ်ခွဲခန်းဝန်ထမ်းတစ်ဦးသည် ထုတ်ဖော်ပြောဆိုခြင်းမရှိသော အခြေအနေတစ်ခုဖြင့် ဖျားနားကာ သေဆုံးသွားခဲ့သဖြင့် အာဏာပိုင်များက ဒါဇင်နှင့်ချီသည့် လူများကို ကွာရန်တင်းဝင်ခိုင်းခဲ့ပြီး ယင်းဖြစ်ရပ်ကို အမေရိကန်က အနီးကပ်စောင့်ကြည့်လျက်ရှိသည်။
ထိုသတင်းကြောင့် လူမှုမီဒီယာများပေါ်တွင် ပြည်သူ့ကျန်းမာရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများ မြင့်တက်ခဲ့သော်လည်း ရုရှားအာဏာပိုင်များကမူ အခြေအနေကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
"ရုရှားအနေနဲ့ ကမ္ဘာကြီးကို သတင်းအချက်အလက်တွေ ပိုမိုမျှဝေပေးဖို့ တာဝန်ရှိတယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့ကတော့ ဒါကို တစ်နာရီမပျက် အနီးကပ် စောင့်ကြည့်နေပါတယ်" ဟု ရူဘီယိုက ပြောကြားခဲ့သည်။
အခြေအနေသည် ယခုထက်ပိုပြီးဆိုးရွားလာပါက အမေရိကန်ပြည်ထောင်စုအနေဖြင့် ရုရှားနိုင်ငံအား ကူညီပေးနိုင်မည့် အစီအမံများ ရှိသော်လည်း အကူအညီမပေးမီ သတင်းအချက်အလက်များကို ပိုမိုသိရှိရန် လိုအပ်ကြောင်း ရူဘီယိုက ပြောကြားခဲ့သည်။
သမ္မတ ဒေါ်နယ်ထရန့်ကလည်း သူသည် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် မကြာမီ ဖုန်းဆက်သွယ်ဆွေးနွေးရန် အစီအစဉ်ရှိကြောင်း အောက်တိုဘာ ၆ ရက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
ရုရှားနိုင်ငံ၏ အခြေအနေနှင့် ပတ်သက်၍ ထောက်လှမ်းရေး အေဂျင်စီများထံမှ အစီရင်ခံတင်ပြချက်များကို မေးမြန်းချိန်တွင် ထရန့်က လက်ရှိအချိန်တွင် အသေးစိတ်ဆွေးနွေးမှုများ ပြုလုပ်နေဆဲဖြစ်ပြီး လာမည့်ရက်ပိုင်းအတွင်း သတင်းထုတ်ပြန်ပေးနိုင်မည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။
Ref: Reuters