Eleven Media Group

■ရန်ကုန်-မန္တလေးအမြန်လမ်း ၂၃ မိုင်နှင့် ၂၄ အကြားတွင် ကတ္တရာကွန်ကရစ်ခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေသဖြင့် အရှိန်လျှော့မောင်းနှင်ရန် သတိပေး

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ၂၃ မိုင်နှင့် ၂၄ အကြားတွင် ကတ္တရာ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေသဖြင့် အရှိန်လျှော့မောင်းနှင်ရန် အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က သြဂုတ် ၂၄ ရက်နေ့ ညနေပိုင်းက ထုတ်ပြန် သတိပေးထားကြောင်း သိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်ရှိ မန္တလေး-ရန်ကုန်(အပြန်လမ်း)ဘက်ခြမ်းတွင် မိုင်တိုင် ၂၃ မိုင် ၅ ဖာလုံမှ ၂၄ မိုင် ၆ ဖာလုံ အထိ(တစ်မိုင်ဝန်းကျင် အရှည်)အား ကတ္တရာကွန်ကရစ်ခင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိကြောင်း၊ ကတ္တရာကွန်ကရစ်ခင်းခြင်း လုပ်ငန်းများကို စက်ယန္တရားကြီးများ အသုံးပြု ဆောင်ရွက်နေသဖြင့် အမြန်လမ်းပေါ်သွားလာလျှက်ရှိသော မော်တော်ယာဉ်များအနေဖြင့် အဆိုပါ လုပ်ငန်းခွင် အနီးသို့ ရောက်ရှိချိန်၌ ဂရုတစိုက်အရှိန်လျှော့၍ မောင်းနှင်ကြပါရန်နှင့် မိုးရွာနေချိန်/ ညအချိန်များတွင် အရှိန်လျှော့ချ မောင်းနှင်ကြပါရန် အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေး အဖွဲ့က အထူးသတိပေး ထုတ်ပြန်ထားခြင်းဖြစ်သည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးသည် မူလက ဘိလပ်မြေကွန်ကရစ် (Cement Concrete) လမ်း ဖြစ်ပြီး အဆိုပါကွန်ကရစ်လမ်းသည် ပူပြင်းသည့်ရာသီတွင် အပူရှိန်ကြောင့် ကားတာယာပေါက်ခြင်းနှင့် မိုးရွာပါက ကားချော်နိုင်ခြေပိုများကြောင်း၊ ကတ္တရာမှာ တာယာနှင့် ဆုပ်ကိုင်အား ပိုကောင်းပြီး အန္တရာယ်ကင်းသဖြင့် အဆိုပါလမ်းပိုင်းတွင် ယာဉ်အန္တရယ်လျှော့ချနိုင်ရန် ကွန်ကရစ်လမ်းအပေါ် ကတ္တရာထပ်မံခင်းပေးခြင်း ဖြစ်နိုင်ကြောင်း အမြန်လမ်းမကြီးပေါ်တွင် ခရီးသွားလာနေသည့် ယာဉ်မောင်းတစ်ဦးက သုံးသပ်ပြောကြား သည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယခု သြဂုတ်လအတွင်း၌ ယာဉ်မတော်တဆမှု နေ့စဉ်နီးပါး ဖြစ်ပွားလျှက်ရှိပြီး သြဂုတ် ၁ ရက်နေ့မှ သြဂုတ် ၂၄ ရက်နေ့အထိ ကာလအတွင်း ယာဉ်မတော်တဆမှူပေါင်း ၁၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group