
ဩဂုတ် ၂၆ ရက်က တရုတ်နှင့် နီပေါနယ်စပ်တွင် ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၃၀၀ ကျော်ရှိလာခဲ့ပြီး နိုင်ငံခြားသား ၃၀၀ အပါအဝင် လူပေါင်း ၁၃၀၀ ကျော်ပျောက်ဆုံးနေကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အရှိန်အဟုန်ပြင်းထန်သည့် ရေလှိုင်းကြီးများသည် ကျေးရွာများကို နစ်မြုပ်စေခဲ့ပြီး တံတားများလည်း ကျိုးသွားခဲ့သည့် ဗီဒီယိုမှတ်တမ်းများကို တွေ့ရသည်။
နယ်စပ်ဒေသရှိ အဓိက ကုန်သွယ်ရေး အခြေခံအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရပြီး နှစ်နိုင်ငံကြား စီးပွားရေး လုပ်ငန်းများ ကာလကြာရှည် ရပ်ဆိုင်းသွားနိုင်သည့် ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရသည်။
ထိုလုပ်ငန်းများထဲတွင် တရုတ်နှင့်နီပေါ ကုန်သွယ်မှု၏ သုံးပုံတစ်ပုံနီးပါးကို ဆောင်ရွက်ပေးနေသည့် ဂျီရုန်း ဆိပ်ကမ်းလည်း ပါဝင်သည်။
အဆိုပါ ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ၏ အဓိက အကြောင်းရင်းကို တိကျစွာ မသိရှိရသေးသော်လည်း ယင်းကဲ့သို့သော ဖြစ်စဉ်များနှင့် ဆက်စပ်နေသည့် အန္တရာယ်များသည် ထိုဒေသ၏ အလွန်မတ်စောက်သော မြေမျက်နှာသွင်ပြင်ကြောင့် ပိုမိုဆိုးရွားလာခြင်းဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုကြောင့်လည်း အန္တရာယ် ပိုမိုမြင့်မားလာနေကြောင်း ကျွမ်းကျင်သူများက ပြောကြားထားသည်။
Ref: AFP