Eleven Media Group

ရီးယာ့ဒ် အပြည်ပြည်ဆိုင်ရာလေဆိပ်တိုက်ခိုက်ခံရသဖြင့် အနည်းဆုံး ၁၂ ဦးသေဆုံးခဲ့ပြီး ၃၀၀ ကျော် ဒဏ်ရာရခဲ့သည်ဟု ဆော်ဒီတာဝန်ရှိသူများက ထုတ်ပြန်

ရီးယာ့ဒ် အပြည်ပြည်ဆိုင်ရာလေဆိပ်အောက်တိုဘာ ၁၀ ရက်တွင် တိုက်ခိုက်ခံရသဖြင့် အနည်းဆုံး ၁၂ ဦးသေဆုံးခဲ့ပြီး ၃၀၉ ဦး ဒဏ်ရာရသွားခဲ့သည်ဟု ဆော်ဒီအာရေဗျ၏ မြို့ပြလေကြောင်းတာဝန်ရှိသူများက ပြောကြားခဲ့ပြီး သံတမန်သတင်းအရင်းအမြစ်များက ပြောကြားရာတွင် ယီမင်၏ဟူရ်သီတို့ကို အပြစ်တင်ခဲ့သည်။

သေဆုံးသူများထဲတွင် ဆော်ဒီနိုင်ငံသား လေးဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား နှစ်ဦး၊ အမေရိကန်နိုင်ငံသား တစ်ဦး၊ အီဂျစ်နိုင်ငံသား တစ်ဦး၊ ဂျော်ဒန်နိုင်ငံသား တစ်ဦး၊ ဆူဒန်နိုင်ငံသား တစ်ဦးတို့ပါဝင်သည်ဟု ထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြထားသည်။ ‌ဒဏ်ရာရထားသူများထဲက အချို့မှာ စိုးရိမ်ရသော အခြေအနေဖြစ်နေသည်ဟု ဆိုသည်။

အပြည်ပြည်ဆိုင်ရာ အသိအမှတ်ပြု ယီမင်အစိုးရ၏တပ်ဖွဲ့နှင့် အီရန်အထောက်အပံ့ ပေးထားသောဟူရ်သီတို့ ဖြစ်ပွားသော ပဋိပက္ခသည် ဇူလိုင်တွင် ပြန်လည်စတင်ခဲ့ပြီး ယီမင်၏အိမ်နီးချင်း ဆော်ဒီနိုင်ငံအထိ ကူးစက်လာခဲ့ သည်။

ဟူရ်သီက ယီမင်၏ ပင်လယ်နီကမ်းရိုးတန်းတစ်လျောက်ရှိ နယ်မြေများကို သိမ်းပိုက်ထားသည့်အပြင် ဆော်ဒီရှိ လေဆိပ်၊ ရေနံစက်ရုံများ၊ အခြားသော အရပ်သားပစ်မှတ်များကို ဒရုန်းများ၊ ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့သည်။

တိုက်ခိုက်မှုနှင့်ပတ်သက်၍ ဆော်ဒီအာဏာပိုင်တို့၏ ဝန်ခံပြောဆိုချက်များအရ အရပ်သားပစ်မှတ်များကို တိုက်ခိုက်ခြင်းသည် ရှားပါးသည်ဟု သိရသည်။ လေကြောင်း တာဝန်ရှိသူများကမူ ဟူရ်သီကို နာမည်တပ်၍ ပြောဆိုခြင်းမရှိပေ။

သံတမန် သတင်းအရင်းအမြစ်များကမူ ဟူရ်သီဒုံးကျည်နှင့် ဆက်စပ်နေသော တိုက်ခိုက်မှုဖြစ်သည်ဟု ပြောကြားသည်။

တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် King Khalid အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လည်ပတ်မှုများကို ရပ်ဆိုင်းထား လိုက်သည်ဟု ဆော်ဒီမြို့ပြ လေကြောင်းအာဏာပိုင်အဖွဲ့က စောစောပိုင်းတွင် ပြောကြားခဲ့သည်။ ထိခိုက် ပျက်စီးမှုများကို စိစစ်နေဆဲဟု သိရသည်။

စိုးရိမ်ရသည့် အရေးပေါ်အခြေအနေကြောင့် ကျန်းမာရေးအာဏာပိုင်များက ဆရာဝန်အများအပြားကို ဖြစ်ခေါင့်ဖြစ်ခဲ ဆင့်ခေါ်ထားသည်ဟု ဆေးဘက်ဆိုင်ရာ သတင်းအရင်းအမြစ်က ပြောကြားသည်။

နိုင်ငံခြားသံရုံးများက ၎င်းတို့၏ နိုင်ငံသားများ လေဆိပ်ကို မသွားရန် သတိပေးထားသည်။

လေဆိပ်၏ ပြည်တွင်းလေကြောင်းလိုင်း ဝင်ပေါက်တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု ခရီးသည်တစ်ဦးက AFP သတင်းဌာနကို ပြောကြားခဲ့သည်။

Ref:AFP

မူရင်းသတင်း — Eleven Media Group