Eleven Media Group

အိန္ဒိယတွင် ဆန္ဒပြမှုများဖြစ်ပွားပြီး ပိုးဟပ်လှုပ်ရှားမှုခေါင်းဆောင်များ ဖမ်းဆီးခံရကာ နယူးဒေလီမြို့တော်ကို လော့ဒေါင်းချထား

အိန္ဒိယတွင် ဆန္ဒပြမှုများဖြစ်ပွားနေပြီး ပိုးဟပ်လှုပ်ရှားမှုခေါင်းဆောင်များ ဖမ်းဆီးခံရကာ နယူးဒေလီမြို့တော်ကို လော့ဒေါင်းချထားကြောင်း အယ်လ်ဂျာဇီးယားသတင်းတွင် ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဂျာနက်ရှ်ကူးမားအား နှုတ်ထွက်ပေးရန် နိုင်ငံတစ်ဝန်းဆန္ဒပြမှုများ ဖြစ်ပွားနေပြီး နယူးဒေလီရဲတပ်ဖွဲ့က ပိုးဟပ်ဂျန်တာပါတီ(CJP) လှုပ်ရှားမှုကို တည်ထောင်သူများ၊ အတိုက်အခံနိုင်ငံရေးသမားများ၊ သတင်းထောက်များ၊ ကျောင်းသားသမဂ္ဂ ခေါင်းဆောင်များ၊ ရှေ့နေများအပါအဝင် ဆန္ဒပြသူ ၁၀၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ကူးမားသည် အာဏာရ BJP ပါတီကို အသာစီးရစေရန်အတွက် မဲစာရင်း ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြောင်း ဆန္ဒပြသူများက စွပ်စွဲခဲ့ပြီး ၎င်းအား ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆို နေခြင်းဖြစ်သည်။

တစ်ချိန်တည်းမှာပင် အတိုက်အခံပါတီများက မဲဆန္ဒရှင်စာရင်းများမှ ပယ်ဖျက်ခံရမှုများသည် မကြာသေးမီက BJP ပါတီ အနိုင်ရရှိခဲ့သည့် ပြည်နယ်ရွေးကောက်ပွဲအချို့၏ ရလဒ်များအပေါ် သက်ရောက်မှုရှိခဲ့ကြောင်း ပြောဆိုကြပြီး ကမ္ဘာ့အကြီးမားဆုံး ဒီမိုကရေစီနိုင်ငံ၏ ရွေးကောက်ပွဲများအပေါ် သံသယများ ထွက်ပေါ်စေ ခဲ့သည်ဟု ထောက်ပြကြသည်။

အတိုက်အခံ ကွန်ဂရက်ပါတီခေါင်းဆောင် ရာဟူးလ်ဂန္ဓီကလည်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် ဝန်ကြီးချုပ် မိုဒီတို့သည်မကြာမီ ရာထူးမှ နုတ်ထွက်ရမည်ဖြစ်ပြီး ဒီမိုကရေစီပြုပြင်မှု စတင်တော့မည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

Ref: Al Jazeera

မူရင်းသတင်း — Eleven Media Group