Eleven Media Group

ဒီအာကွန်ဂိုတွင် အီဘိုလာရောဂါကူးစက်မှုများ မြင့်တက်နေချိန်တွင် ယူဂန်ဒါနိုင်ငံ၌ အီဘိုလာရောဂါကူးစက်မှု အဆုံးသတ်သွားပြီဖြစ်ကြောင်း WHO ပြောကြား

ဒီအာကွန်ဂိုတွင် အီဘိုလာရောဂါကူးစက်မှုများ မြင့်တက်နေချိန်တွင် ယူဂန်ဒါနိုင်ငံ၌ အီဘိုလာရောဂါကူးစက်မှု အဆုံးသတ်သွားပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဩဂုတ် ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ယူဂန်ဒါနိုင်ငံတွင် Bundibugyo အီဘိုလာဗိုင်းရပ်စ်မျိုးကွဲ ကူးစက်ခံရသူ ၂၀ ဦးရှိခဲ့ပြီး ၂ ဦး သေဆုံးခဲ့သည်။

ယခု WHO ၏ ထုတ်ပြန်ချက်မထွက်ပေါ်မီ ယူဂန်ဒါအစိုးရသည် ဇူလိုင် ၂၈ ရက်ကတည်းက နိုင်ငံအတွင်း အီဘိုလာရောဂါကူးစက်မှု အဆုံးသတ်သွားပြီဖြစ်ကြောင်း ကြေညာထားခဲ့ခြင်းဖြစ်သည်။

WHO သည်ရောဂါကူးစက်မှု ကွင်းဆက်များ ကျန်ရှိနေခြင်းမရှိစေရန် ယခုသီတင်းပတ်အထိ အခြေအနေကို စောင့်ကြည့်စစ်ဆေးခဲ့ကာ ဩဂုတ် ၂၆ ရက်တွင် ယူဂန်ဒါ၏ အီဘိုလာရောဂါကူးစက်မှု အဆုံးသတ်ပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သို့သော် ဒီအာကွန်ဂိုတွင် အီဘိုလာရောဂါ ထိန်းချုပ်မှု၌ တိုးတက်မှုအချို့ရှိသော်လည်း ကူးစက်မှုများ ဆက်လက်မြင့်တက်နေဆဲဖြစ်ကြောင်း WHO ၏ အာဖရိကဒေသဆိုင်ရာ အရေးပေါ်ပြင်ဆင်မှု ညွှန်ကြားရေးမှူး ဒေါက်တာ မာရီ ရိုစလင်း ဘီလီဇိုင်ယာက ပြောကြားခဲ့သည်။

ထိုဒေသ၌ ဖြစ်ပွားနေသည့် ကူးစက်မှုမှာ သမိုင်းတွင် ဒုတိယ သေဆုံးမှုအများဆုံးဖြစ်ပြီး ထိန်းချုပ်ရေး ကြိုးပမ်းမှုများထက်ပင် ရောဂါကူးစက်မှုနှုန်းက သာလွန်မြန်ဆန်နေသည်။

ဒီအာကွန်ဂို အစိုးရ၏ ဩဂုတ် ၂၅ ရက် ထုတ်ပြန်ချက်များအရ သေဆုံးသူ ၂၇၀၀ ကျော်နှင့် ကူးစက်ခံရသူ ၅၆၀၀ ကျော် ရှိလာခဲ့ပြီ ဖြစ်သည်။

"ရောဂါ ကူးစက်ပြန့်ပွားမှုဟာ ဆက်လက် အားကောင်းနေဆဲ ဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ ကူးစက်မှု အရှိန်အဟုန်ကိုတော့ လျှော့ချနိုင်ခဲ့ပေမဲ့ ဒီရောဂါကူးစက်မှုကို မထိန်းချုပ်နိုင်သေးပါဘူး" ဟု ဘီလီဇိုင်ယာက ပြောကြားခဲ့သည်။

ကူးစက်ခံရသူများနှင့် ထိတွေ့ခဲ့သူများကို လိုက်လံရှာဖွေခြင်းနှင့် စစ်ဆေးခြင်းများတွင် တိုးတက်မှုများ ရှိလာကြောင်းနှင့် ရောဂါ ပျံ့နှံ့မှု မြန်ဆန်နေသော်လည်း Bundibugy ဗိုင်းရပ်စ်ဆိုင်ရာ ဓာတ်ခွဲဆန်းစစ်မှုများ၌ ရောဂါပိုး ဗီဇပြောင်းလဲသည့် လက္ခဏာ တစ်စုံတစ်ရာ မတွေ့ရသေးကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

ယင်းသည် သတင်းကောင်းတစ်ခု ဖြစ်သည်ဟု ပြောဆိုခဲ့သော်လည်း ဒီအာကွန်ဂိုနိုင်ငံ၏ ထိခိုက်မှု အဆိုးရွားဆုံး ဒေသများသို့ ဆေးဝါးများနှင့် တစ်ကိုယ်ရေသုံး ကာကွယ်ရေး ပစ္စည်းများ ပို့ဆောင်ပေးနိုင်ရေးဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ အရေးပေါ် လိုအပ်နေသည်ဟုလည်း ဘီလီဇိုင်ယာက ထောက်ပြခဲ့သည်။

"ဒီအရေးပေါ် ရင်းနှီးမြှုပ်နှံမှု မရရှိဘူးဆိုရင် ကျွန်မတို့ ကြိုးပမ်း တည်ဆောက်ထားတဲ့ တိုးတက်မှု အရှိန်အဟုန်တွေ တန့်သွားနိုင်တဲ့ အန္တရာယ် ရှိပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

Ref: Reuters

မူရင်းသတင်း — Eleven Media Group