
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က သူသည် သမိုင်းတစ်လျှောက် အကြီးမြတ်ဆုံးသမ္မတဖြစ်ကြောင်း ဖော်ပြထားသည့် ပို့စ်တစ်ခုကို ဩဂုတ် ၂၇ ရက်က ၎င်း၏ Truth Social လူမှုမီဒီယာတွင် ပို့စ်တင်ခဲ့သည်။
ထရန့်သည် အမေရိကန်သမ္မတများကို အဆင့်ခွဲခြားသတ်မှတ်ထားသည့် ရုပ်ပုံကားချပ်တစ်ခုကို တင်ခဲ့ခြင်းဖြစ်ပြီး ထိုပုံထဲတွင် သူ့ကိုယ်သူ အကြီးမြတ်ဆုံးအဖြစ် ဖော်ပြထားသည်။
၎င်း၏အောက်ဘက်အဆင့်တွင် ကြီးမြတ်သောသမ္မတများအဖြစ် အညွှန်းတပ်ထားပြီး ထိုအဆင့်တွင် သမ္မတဟောင်းများဖြစ်သည့် အေဘရာဟင်မ် လင်ကွန်း၊ ဂျော့ချ် ဝါရှင်တန်၊ ဖရန်ကလင်း ဒီ ရူးစဗဲ့၊ ဝုဒ်ရိုး ဝီလ်ဆင်၊ သောမတ်စ် ဂျက်ဖာဆန်နှင့် အန်ဒရူး ဂျက်ဆင်တို့ ပါဝင်သည်။
ထို့နောက် နောက်တစ်ဆင့်တွင် အလယ်အလတ်အဆင့်ရှိ သမ္မတများကို ဖော်ပြထားပြီး ထိုစာရင်းတွင် ဘီလ်ကလင်တန် အပါအဝင် သမ္မတ ၁၂ ဦးကို ဖော်ပြထားသည်။
အလယ်အလတ်အောက်အဆင့်ရှိသည့် စာရင်းတွင် သမ္မတ ၆ ဦး ပါဝင်ပြီး အောက်ဆုံးအဆင့်ဖြစ်သည့် ကျရှုံးသူများအဖြစ်စာရင်းတွင် ဂျိုးဘိုင်ဒင်၊ ဘာရက်အိုဘားမားနှင့် ဂျင်မီကာတာ အပါအဝင် သမ္မတငါးဦး ပါဝင်သည်။
ထရန့်၏ အဆိုပါပို့စ်သည် X လူမှုမီဒီယာတွင် ချက်ချင်းလှောင်ပြောင်ခံခဲ့ရပြီး သမ္မတတစ်ဦးအနေဖြင့် မိမိကိုယ်ကိုယ် ကြွားဝါသည့်ပို့စ်တစ်ခုကို မျှဝေခြင်းသည် ရှက်စရာကောင်းကြောင်း အသုံးပြုသူများက မှတ်ချက်ပေးခဲ့သည်။
Ref: Truth Social