
တရုတ်နိုင်ငံ၏ ထိပ်သီးစွမ်းအင်ကုမ္ပဏီတစ်ခုဖြစ်သည့် China Datang ကော်ပိုရေးရှင်းသည် မြန်မာ၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဥဇဘက်ကစ္စတန် စသည့် ၅ နိုင်ငံမှ ထူးချွန်ပြည်ပဝန်ထမ်းများနှင့် သတင်းမီဒီယာများကို ဖိတ်ခေါ်ပြီး လေ့လာရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေး ခရီးစဉ်တစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ လေ့လာရေးခရီးစဉ်အတွင်း ပါဝင်သူများသည် Datang ကော်ပိုရေးရှင်း၏ ဌာနချုပ်အပြင် ယူနန်၊ ကွမ်ရှီး၊ ဆီချွမ်နှင့် ပေကျင်းရှိ အကြီးစား အပူစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ လေအားလျှပ်စစ်စက်ရုံများ၊ သဲကန္တာရထိန်းသိမ်းရေး သဘာဝနေရောင်ခြည်စွမ်းအင်သုံး စီမံကိန်းများ၊ ကျောက်မီးသွေးမှ ဓာတ်ငွေ့ထုတ်လုပ်သည့် စီမံကိန်းများနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ သင်တန်းများကို သွားရောက်လေ့လာခဲ့ကြသည်။
ခရီးစဉ်အတွင်း Datang ကုမ္ပဏီ၏ စွမ်းအင်နည်းပညာများနှင့် ဒစ်ဂျစ်တယ်နည်းပညာများဖြင့် ကမ္ဘာ့အဆင့်မီ စွမ်းအင်စီမံကိန်းများကို လည်ပတ်နေပုံကို လက်တွေ့လေ့လာခဲ့ကြသည်။
ယခုကျင်းပသည့် Together for Excellence, Sharing the Future ခရီးစဉ်သည် China Datang ကော်ပိုရေးရှင်းက နှစ်စဉ်ကျင်းပသည့် အစီအစဉ်တစ်ခုဖြစ်ပြီး ယခုနှစ်တွင် ၃ နှစ်မြောက်သို ရောက်ရှိလာပြီဖြစ်သည်။
အဆိုပါအစီအစဉ်သည် ကုမ္ပဏီ၏ အပြည်ပြည်ဆိုင်ရာ ဝန်ထမ်းများအား တရုတ်နိုင်ငံ၏ အဆင့်မြင့်နည်းပညာများကို လက်တွေ့လေ့လာနိုင်ရန်၊ စွမ်းရည်မြှင့်တင်ပေးရန်နှင့် မိခင်နိုင်ငံများသို့ ပြန်လည်ရောက်ရှိချိန်တွင် ရရှိလာသည့် နည်းပညာအသိပညာများကို ပြန်လည်အသုံးချနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း တာ၀န်ရှိသူများက ပြောကြားခဲ့သည်။
China Datang အနေဖြင့် ယခုကဲ့သိုသော အစီအစဉ်များမှတစ်ဆင့် အဆင့်မြင့် လျှပ်စစ်ဓာတ်အားနည်းပညာများကို မျှဝေရန်၊ ကွဲပြားသော ယဉ်ကျေးမှုများကို သိရှိနားလည်ရန်နှင့် Belt and Road အစီအစဉ်တွင် ပါဝင်သည့် နိုင်ငံများ၏ စွမ်းအင်ကဏ္ဍတိုးတက်ရေးကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။