
ဆော်ဒီအာရေဗျနိုင်ငံ မြို့တော်ရီယာ့ဒ်ရှိ King Khalid အပြည်ပြည်ဆိုင်ရာလေဆိပ်ကို အောက်တိုဘာ ၁၇ ရက်အထိ ပိတ်ထားမည်ဖြစ်ပြီး လေကြောင်းလိုင်းများကလည်း ခရီးစဉ်များကို ဖျက်သိမ်းထားကြောင်း သိရသည်။
ယီမင်နိုင်ငံရှိ ဟူသီလက်နက်ကိုင်အဖွဲ့၏ ဆက်တိုက်တိုက်ခိုက်မှုများကြောင့် ဆော်ဒီမြို့တော်၏ လေကြောင်းသွားလာမှုများ ရပ်တန့်လုနီးပါးဖြစ်လာသည်။
ဂျက်ဒါမြို့ရှိ လေဆိပ်ပြီးလျှင် ဆော်ဒီတွင် ခရီးသည်အဝင်အထွက် အများဆုံး ဒုတိယလေဆိပ်ဖြစ်သည့် King Khalid လေဆိပ်ကို အောက်တိုဘာ ၁၂ ရက် ညပိုင်းတွင် ဟူသီအဖွဲ့က ပဲ့ထိန်းဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ ထို့ပြင် ဟူသီအဖွဲ့က ဆော်ဒီအနောက်တောင်ပိုင်းရှိ လေတပ်စခန်းတစ်ခုကိုလည်း ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း ဝန်ခံခဲ့သည်။
အောက်တိုဘာ ၁၀ ရက်တွင် လေဆိပ်တိုက်ခိုက်ခံရပြီးကတည်းက ပိတ်ထားခြင်းဖြစ်သည်။ ယင်းတိုက်ခိုက်မှုအတွင်း လူ ၁၃ ဦး သေဆုံးကာ ၃၀၀ ကျော်ဒဏ်ရာရရှိခဲ့ပြီး ဆယ်စုနှစ်တစ်ခုကျော်အတွင်း ဆော်ဒီ၌ အသေအပျောက်အများဆုံး တိုက်ခိုက်မှုဖြစ်ခဲ့သည်။ နောက်တစ်နေ့တွင်လည်း လေဆိပ်ကို ထပ်မံတိုက်ခိုက်ပြန်ရာ တစ်ဦးသေဆုံးပြီး ၁၂ ဦးနီးပါး ဒဏ်ရာရခဲ့သည်။
ဟူသီအဖွဲ့က အစ္စလာမ်ဘာသာဝင်များအတွက် အထွတ်အမြတ်ထားရာ မက္ကာနှင့် မက်ဒီနာမြို့များမှလွဲ၍ ဆော်ဒီရှိ အခြားသောလေဆိပ်များကို ထပ်မံတိုက်ခိုက်သွားမည်ဟု ခြိမ်းခြောက်ထားပြီး အများပြည်သူအား ခရီးမသွားကြရန် သတိပေးထားသည်။ ထို့ပြင် ရီယာ့ဒ်ရှိ စာသင်ကျောင်းများကိုလည်း တစ်လအတွင်း ဒုတိယအကြိမ် အွန်လိုင်းသင်ကြားရေးစနစ်သို့ ပြောင်းလဲထားသည်။
Source : Reuters
Photo: AP