Eleven Media Group

■ အီကွေဒေါသမ္မတဟောင်းကို အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ်ငါးနှစ်ချမှတ်

အီကွေဒေါနိုင်ငံတွင် သမ္မတဟောင်း လီနင် မိုရီနိုကို အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ်ငါးနှစ် ကျခံစေရန် တရားရုံးတစ်ခုက ဩဂုတ် ၂၈ ရက်တွင် ပြစ်ဒဏ်ချမှတ်ခဲ့သည်။

အီကွေဒေါနိုင်ငံ၏ အကြီးဆုံးရေအားလျှပ်စစ်ထုတ်လုပ်ရေးဆည်ကို တည်ဆောက်ခဲ့သည့် တရုတ်ကုမ္ပဏီတစ်ခုထံမှ တံစိုးလက်ဆောင်များ လက်ခံရယူခဲ့မှုဖြင့် မိုရီနိုကို ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံ၏ Sinohydro ကုမ္ပဏီက တည်ဆောက်ခဲ့သည့် Coca Codo Sinclair ဆည်တည်ဆောက်ရေးနှင့် ပတ်သက်သည့် အဆိုပါအမှုတွင် ပြစ်ဒဏ်ကျခံရသူပုဂ္ဂိုလ် ၂၀ ဦးအနက် ၂၀၁၇ ခုနှစ် မှ ၂၀၂၁ ခုနှစ်အထိ အုပ်ချုပ်ခဲ့သည့် သမ္မတ မိုရီနိုလည်း ပါဝင်ကြောင်း တရားလိုရှေ့နေများက ပြောကြားခဲ့သည်။

အဂတိလိုက်စားမှုဖြစ်ပွားခဲ့သည်ဟုဆိုသည့် ၂၀၀၇ ခုနှစ်မှ ၂၀၁၃ ခုနှစ် ကာလအတွင်း မိုရီနိုသည် ဆိုရှယ်လစ် သမ္မတ ရာဖေး ကော်ရီယာ၏ လက်ထက်တွင် ဒုတိယသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ချိန်ဖြစ်သည်။

ထို့နောက် သူသည် ကော်ရီယာ၏ ထောက်ခံမှုဖြင့် သမ္မတရာထူးကို ဆက်ခံခဲ့သော်လည်း နောက်ပိုင်းတွင် လက်ယာဘက်သို့ ကူးပြောင်းကာ အမေရိကန်နှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခဲ့သဖြင့် ကော်ရီယာနှင့် သဘောထားကွဲလွဲခဲ့သည်။

မိုရီနို၏ဇနီးနှင့် အခြား ဆွေမျိုးများကိုလည်း ပူးပေါင်းပါဝင်မှုဖြင့် ထောင်ဒဏ်သုံးနှစ်နီးပါး ချမှတ်ခဲ့ပြီး မိုရီနိုကမူ တရားရုံး၏ ပြစ်ဒဏ်ချမှတ်မှုကို အယူခံဝင်သွားမည်ဟု ပြောကြားခဲ့သည်။

Ref: AFP

မူရင်းသတင်း — Eleven Media Group