
ရာသီဥတု ဆိုးရွားနေသဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများ ရပ်ဆိုင်းထားရသော ရေဘေးသင့် နီပေါက နည်းပညာ အကူအညီနှင့် ဒေါ်လာဘီလျံပေါင်းများစွာ လိုအပ်နေသည်ဟု ပြောကြားခဲ့သည်။
တိဘက်နှင့်နယ်နိမိတ်ထိဆက်နေသော ဒေသကို တိုက်စားဖျက်ဆီးခဲ့သည့် ဆိုးရွားသော ရေဘေးကို ကိုင်တွယ်ရန် ပြည်ပနည်းပညာအကူအညီများ လိုအပ်နေသည်ဟု နီပေါအစိုးရက ပြောကြားလိုက်ပြီး ရာသီဥတု ဆိုးရွားနေသည့်အတွက် ရှာဖွေရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများကို ဩဂုတ် ၂၉ ရက်နေ့တွင် ရပ်ဆိုင်းထားလိုက်သည်ဟုဆိုသည်။
လူဦးရေ သန်း ၃၀ ရှိပြီး ဟိမဝန္တာဒေသရှိဆင်းရဲသည့် နီပေါ၌ ဩဂုတ်လ ၂၆ ရက်က ဖြစ်ပွားခဲ့သည့် ရေဘေးကြောင့် ပျက်စီး ဆုံးရှုံးမှုများကို ပြန်လည်ထူထောင်ရန်အမေရိကန်ဒေါ်လာ ၄ ဘီလီယံမှ ၅ ဘီလီယံခန့်အထိ အရေးပေါ် လိုအပ်မည်ဟုနီပေါ ဘဏ္ဍာရေးဝန်ကြီးက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။
ဩဂုတ်လ ၂၆ ရက်နေ့က ရေခဲမြစ်ပြိုကျမှုကြောင့် ကျောက်တုံး၊ ရေခဲ၊ ရွှံ့နွံများနှင့် သစ်ပင်ခြောက်များ ပါဝင်သည့် အရှိန်ပြင်းထန်သော ရေလုံးကြီးသည်တောင်ကြား မြစ်ကြောင်းတစ်လျှောက်ထိုးဆင်းလာခဲ့ရာ လမ်းတစ်လျှောက်ရှိ အဆောက်အအုံများ၊ တံတားများနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို ဝါးမျိုသွားခဲ့သဖြင့် နီပေါတွင် အနည်းဆုံး ၆၂၆ ဦး၊ တိဘက်တွင် ခုနစ်ဦး ထက်မနည်း သေဆုံးခဲ့သည်။
လက်ရှိတွင် နီပေါ၌ လူပေါင်း ၂,၄၂၆ ဦးနှင့် တိဘက်ဒေသ ဂျီရုန်း (Gyirong) ခရိုင်၌ အနည်းဆုံး ၅၅၈ ဦးအပါအဝင် ပျောက်ဆုံးနေသူ စုစုပေါင်း ၃,၀၀၀ နီးပါး ရှိနေသည်။ ထိုအထဲတွင် အိန္ဒိယမှ ဟိန္ဒူဘုရားဖူး အများစုအပါအဝင် နိုင်ငံခြားသား ၅၄၀ ထက်မနည်း ပါဝင်နေသည်ဟု ဆိုသည်။
ရေဘေး အပြင်းထန်းဆုံး ခံခဲ့ရသည့် ရာဆူဝါခရိုင်မှ ထိပ်တန်းအရာရှိနာရန်ဒရာပါရီယာက "မိုးရွာနေပြီး မြူဆိုင်းနေတာကြောင့် ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ယာယီရပ်ဆိုင်းထားပါတယ်" ဟု ရိုက်တာကို အတည်ပြု ပြောကြားခဲ့သည်။
Ref:Reuters
AFP photos