
ဘန်ကောက်မြို့ လူကုန်ကူးမှုနှိမ်နင်းရေး စီမံချက်အတွင်း ပန်းနှင့် အစားအစာများ၊ အဖျော်ယမကာများ ရောင်းချရန် အတင်းအကြပ် စေခိုင်းခံရသည့် မြန်မာကလေးငယ် ခုနစ်ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း
The Nation သတင်းတွင် ဖော်ပြထားသည်။
ထိုင်းအာဏာပိုင်များသည် ဘန်ကောက်မြို့ရှိ နေအိမ်တစ်လုံးကို ဝင်ရောက်စီးနင်းခဲ့စဉ် မြန်မာနိုင်ငံမှ ကလေးငယ် ခုနစ်ဦးကို ကယ်တင်နိုင်ခဲ့ပြီး ကလေးငယ်များကို
အသုံးချနေသည်ဟု သံသယရှိသူ လေးဦးကို ဖမ်းဆီးခဲ့သည်။
နှင်းဆီဖူးလေးများကို ကာကွယ်စောင့်ရှောက်ခြင်းဟု အမည်ပေးထားသည့် အဆိုပါ လူကုန်ကူးမှုတားဆီးရေး အထူးစစ်ဆင်ရေးကို ဒုတိယညွှန်ကြားရေးမှူးတစ်ဦးက
ဦးဆောင်ခဲ့ကြောင်း၊ တိုင်ကြားချက်တစ်ခုကြောင့် Saphan Sung ခရိုင်၊ Soi Ramkhamhaeng 122 ရှိ နေအိမ်တစ်လုံးသို့ သွားရောက်စစ်ဆေးခဲ့ပြီး ကလေးခုနစ်ဦးကို ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။
ကလေးငယ်များကို ထိုင်းနိုင်ငံသို့ တရားမဝင် ခိုးသွင်းခဲ့ပြီး ခရီးသွားများ လာရောက်လည်ပတ်ရာ နေရာများတွင်
ပန်းများနှင့် အခြားပစ္စည်းများ ရောင်းချရန် အတင်းအကျပ် စေခိုင်းခဲ့ပြီး ကလေးငယ်များမှာ မကြာခဏဆိုသလို နံနက် ၄ နာရီအချိန်အထိ ရောင်းချခဲ့ကြရသည်ဟု သတင်းတွင် ရေးသားထားသည်။
ကလေးငယ်များကို မြန်မာနိုင်ငံမှ ခေါ်ဆောင်လာပြီး ဘန်ကောက်နှင့် ၎င်း၏ပတ်ဝန်းကျင်ရှိ ပြည်နယ်များရှိ ခရီးသွားများ လာရောက်လည်ပတ်ရာ နေရာများတွင်
ပန်းများ၊ အစားအစာနှင့် အဖျော်ယမကာများ ရောင်းချစေသည်ဟူသော တိုင်ကြားချက်များကို DOPA က လက်ခံရရှိခဲ့သည်။
ကလေးငယ်များကို ဖမ်းဆီးခိုင်းစေနေသည့် နေအိမ်တစ်လုံးမှ ထွက်ပြေးလွတ်မြောက်လာခဲ့သည့် မြန်မာနိုင်ငံသားတစ်ဦးထံမှ တိုင်ကြားချက်တစ်ခု လက်ခံရရှိခဲ့ကြောင်း၊ ကလေးငယ်များမှာ အတင်းအကျပ်စေခိုင်းမှုကြောင့် ညဘက်ဆိုင်ရာ ဖျော်ဖြေရေးနေရာများတွင် ပန်းရောင်းချခဲ့ရပြီး မုဒိမ်းကျင့်ခံရခြင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရစေမည့် ရိုက်နှက်ညှဉ်းပန်းမှုများ ခံခဲ့ရကြောင်း သတင်းတွင် ဖော်ပြထားသည်။
ကလေးငယ်များကို နေ့စဉ် ညနေခင်းအချိန်မှစ၍ နံနက် ၄ နာရီခန့်အထိ Khao San လမ်းနှင့် Nuan Chan လမ်းတို့တွင် ပန်းများရောင်းချရန် အတင်းအကျပ်စေခိုင်းခဲ့ပြီး ပန်းတစ်စည်းလျှင် ဘတ် ၁၀ သာ ရရှိစေခဲ့သည်ဟု စုံစမ်းစစ်ဆေးခဲ့သည့် ထိုင်းအာဏာပိုင်များက ပြောကြားသည်။
စုံစမ်းစစ်ဆေးသူများ၏ ပြောကြားချက်အရ သံသယရှိသူများသည် မြန်မာနိုင်ငံမှ လူငယ်များကို တရားဝင်မဟုတ်သော နယ်စပ်ဖြတ်ကျော်လမ်းကြောင်းများမှတစ်ဆင့် ခေါ်ဆောင်လာပြီးနောက် ဘန်ကောက်မြို့သို့ ပို့ဆောင်ခဲ့ကြကာ ကလေးငယ်များကို ထားရှိရန် နေအိမ်တစ်လုံးကို နှစ်လကျော် ဌားရမ်းထားသည်ဟု သိရသည်။
ကယ်တင်နိုင်ခဲ့သည့် ကလေးငယ် ခုနစ်ဦးကို လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ စိတ်ပညာရှင်များ အပါအဝင်
ဘက်စုံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တစ်ဖွဲ့က စိစစ်စစ်ဆေးမှုများ ပြုလုပ်ရန်အတွက် Bang Chan ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။
ထို့ပြင် ဖမ်းဆီးခံရသူ လေးဦး၏ ထွက်ဆိုချက်အရ Soi Ramkhamhaeng 120 ရှိ အမျိုးသမီးတစ်ဦး၏ နေအိမ်သို့ပါ ထပ်မံစစ်ဆေးခဲ့ကြောင်း၊ အဆိုပါအမျိုးသမီးက
တာခ့်ခရိုင်၊ မဲဆောက်မြို့နယ်မှ လာရောက်နေထိုင်ကြသော လူငယ် ငါးဦး ရှိကြောင်း၊ ၎င်းတို့အနက် အချို့သည် ကျောင်းဆင်းချိန်နောက်ပိုင်း ညနေခင်းများတွင် လိမ္မော်ရည် ရောင်းချလေ့ရှိကြောင်း၊ သို့သော် အခြားနေရာများတွင် ပန်းရောင်းခိုင်းရန် ခေါ်ဆောင်သွားဖူးသည်ဟူသော အချက်ကိုမူ ငြင်းဆိုခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။