Eleven Media Group

သင်္ဃန်းကျွန်းမြို့နယ် ဖက်ပင်အိုင်စာသင်တိုက် ပဓာနနာယက သက်တော် ၈၉ နှစ်အရွယ်ရှိ နိုင်ငံတော်သြဝါဒါစရိယ ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဝါသေဋ္ဌ ဘဝနတ်ထံပျံလွန်တော်မူ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဇ/မြောက်ရပ်ကွက်၊ ဖက်ပင်အိုင်စာသင်တိုက် ပဓာနနာယက နိုင်ငံတော်သြဝါဒါစရိယဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဝါသေဋ္ဌသည် ၁၃၈၈ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁ ရက် (အောက်တိုဘာ ၁၂ ရက်) နံနက် ၂ နာရီ ၂၅ မိနစ်တွင် ဘဝနတ်ထံပျံလွန်တော်မူကြောင်း သိရသည်။
ဆရာတော်ကြီးသည် ပျံလွန်တော်မူချိန်တွင် သက်တော် ၈၉ နှစ်၊ သိက္ခာ ၆၉ ဝါရှိပြီးဖြစ်သည်။

ဖက်ပင်ကျောင်းတိုက် ဆရာတော်လောင်းလျာကို မြင်းခြံမြို့နယ် ဖက်ပင်အိုင်ကျေးရွာ ခမည်းတော် ဦးအောင်မြင့်၊ မယ်တော် ဒေါ်ဖွားအိမ်တို့က ၁၂၉၉ ခုနှစ် နှောင်းတန်ခူးလဆန်း ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့တွင် ဖွားမြင်တော်မူပြီး ဆရာတော်လောင်းလျာသည် ၁၃၀၉ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက်တွင် မြင်းခြံမြို့နယ်၊ ဖက်ပင်အိုင်ကျေးရွာ ရွာဦးကျောင်းတိုက်အုပ်ဆရာတော် ဘဒ္ဒန္တစန္ဒောဘာသကို ဥပဇ္စျာယ်ပြု၍ မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့သည်။

ထို့နောက် ဆရာတော်လောင်းလျာသည် ၁၃၁၉ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်တွင် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ပတ္တမြားကျောင်းတိုက်၊ ခဏ္ဍသိမ်၌ မြင်းခြံမြို့နယ် ဖက်ပင်အိုင်ကျေးရွာ ရွာဦးကျောင်း၊ တိုက်အုပ်ဆရာတော်ဘဒ္ဒန္တစန္ဒောဘာသကို ဥပဇ္စျာယ်ပြု၍ ချမ်းအေးသာစံမြို့နယ်နေ ဦးကွန်းစိန်၊ ဒေါ်သက်ရှည်တို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ မြင့်မြတ်သောရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခဲ့သည်။

ယင်းနောက် ဆရာတော်လောင်းလျာသည် မြင်းခြံမြို့နယ် ဖက်ပင်အိုင်ကျေးရွာ ရွာဦးကျောင်းဆရာတော် ဘဒ္ဒန္တမေဃိယ၊ တိုက်အုပ်ဆရာတော်ဘဒ္ဒန္တ စန္ဒောဘာသ၊ ဘဒ္ဒန္တပဏ္ဍဍိတ၊ ဘဒ္ဒန္တကောသလ္လ၊ ဘဒ္ဒန္တဓမ္မပဇ္ဇောတ၊ မန္တလေးမြို့၊ ငွေတောင်တိုက်၊ ဓမ္မရက္ခိတရွှေဇီးကွက်အုဌ်ကျောင်းဆရာတော်ဘဒ္ဒန္တသုဓမ္မ၊ မစိုးရိမ်တိုက်ဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ၊ ဘဒ္ဒန္တကောဝိဒါဘိဝံသ၊ မဟာဝေယံဘုံသာတိုက်ဆရာတော် ဘဒ္ဒန္တကလျာဏာဘိဝံသ၊ ရွှေရေးဆောင်တိုက်ဆရာတော် ဘဒ္ဒန္တပဏ္ဍဝ၊ ဘုရားကြီးတိုက်ဆရာတော်၊ မြတောင်တိုက်ဆရာတော်စသော ဆရာတော်များထံတွင် ပရိယတ္တိစာပေများ သင်ယူဆည်းပူးတော်မူခဲ့ပြီး သာသနဓဇသိရီပဝရဓမ္မာစရိယဘွဲ့ ရရှိတော်မူခဲ့သည်။

ဆရာတော်သည် သင်္ဃန်းကျွန်းမြို့နယ်၊ ဖက်ပင်အိုင်စာသင်တိုက်၌ စာသင်သား ရဟန်း၊ သာမဏေများကို ပရိယတ္တိစာပေကျမ်းဂန်များ သင်ကြားပို့ချတော်မူခဲ့ခြင်း၊ ဓမ္မာစရိယစည်းမျဉ်းအဖြေကျမ်းကို ရေးသားပြုစုတော်မူခဲ့ခြင်း၊ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်တွင် မြို့နယ်သံဃနာယကအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖြစ်လည်းကောင်း၊ နိုင်ငံတော် ဝိနည်းဓိုရ်အဖြစ်လည်းကောင်း၊ တိပိဋကဓရရွေးချယ်ရေး စာမေးပွဲပုစ္ဆကဆရာတော်အဖြစ်လည်းကောင်း၊ အစိုးရပါဠိပထမပြန် ပညာရေးဗဟိုအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ အစိုးရဓမ္မာစရိယစာမေးပွဲ ပုစ္ဆကနှင့်စာစစ်ဆရာတော်အဖြစ်လည်းကောင်း ဆောင်ရွက်တော်မူခဲ့ခြင်းနှင့် ယနေ့အထိ နိုင်ငံတော်ဩဝါဒါစရိယဆရာတော်အဖြစ် သာသနာ့တာဝန်များကို ထမ်းဆောင်တော်မူခဲ့သည်။

ဆရာတော်ကြီးသည် နိုင်ငံတော်အစိုးရက ဆက်ကပ်လှူဒါန်းသည့် အဘိဓဇမဟာရဋ္ဌဌဂုရုဘွဲ့တံဆိပ်တော်ကို ၂၀၂၁ ခုနှစ်တွင် ရရှိတော်မူခဲ့သည်။

မူရင်းသတင်း — Eleven Media Group