
မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ တနင်္သာရီ မြစ်ရေမှာ အန္တရာယ်ရေအမှတ်နီးပါး ရောက်ရှိလာပြီး နေအိမ်များထဲသို့ ရေဝင်ရောက် နေပြီဖြစ်ကြောင်း သိရသည်။
တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီ မြို့နယ်ကို ဖြတ်သန်းစီးဆင်းနေသည့် တနင်္သာရီ မြစ်ရေမှာ ဩဂုတ် ၂၉ ရက် နေ့လယ် ၁ နာရီတိုင်းထွာချက်အရ သာမန် ရေမျက်နှာပြင်အထက် ၂၃ ပေသို့ရောက်ရှိလာကြောင်းသိရသည်။
တနင်္သာရီ မြစ်ရေ၏ စိုးရိမ်ရေအမှတ်မှာ (၁၇ ပေ) ဖြစ်ပြီး အန္တရာယ်ရေအမှတ်မှာ (၂၄ ပေ)ဖြစ်ကြောင်း သိရသည်။
မြစ် အထက်ပိုင်း နှင့် တနင်္သာရီ ကမ်းရိုးတန်းတလျှောက် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် မြစ်ရေမှာ လျင်မြန်စွာတိုးလာနေပြီး နေအိမ်များထဲသို့ ရေများ ဝင်ရောက် လာကြောင်းသိရသည်။
“ တနင်္သာရီ မြို့ပတ်ဝန်းကျင် ကျေးရွာတွေမှာ မိုးသည်းထန်နေတယ်၊ထားဝယ်ဘက်မှာမိုးအရမ်းရွာရင် တနင်္သာရီ မြစ်ရေတက်လာတာ ထုံးစံပါပဲ၊ ဒီဘက်ကဒေသခံတွေက မြစ် ရေကြီးတာ မကြာခဏ ဖြစ်နေတော့ နေသားကျနေ ပြီ၊ လယ်ယာဥယျာဉ်တွေပျက်စီးရင် ရိက္ခာအခက်အခဲတွေဖြစ်မယ်၊ နေအိမ်တွေတော့ နစ်မြုပ်ကုန်ပြီ၊မြို့ပေါ်အတော်များများနှင့် ပတ်ဝန်းကျင်ရွာတွေလည်း နစ်မြုပ်နေပြီ"လို့ ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။
တနင်္သာရီ မြစ်ရေမှာ ဩဂုတ် ၂၅ ရက်နေ့တွင်စိုးရိမ်ရေအမှတ်ဖြစ်သည့် ၁၇ ပေကိုကျော်လွန်ပြီး ၁၈.၇၅ပေ၊ ဩဂုတ် ၂၈ ရက်နေ့တွင် ၂၁.၂ ပေ၊ ဩဂုတ်လ ၂၉ ရက်နေ့တွင် ၂၃ ပေအထိရောက် ရှိလာကြောင်းသိရသည်။
" ရန်ကုန်-မြိတ်-ကော့သောင်း ပြည်ထောင်စု ကားလမ်းမကြီးရဲ့ တနင်္သာရီ မြို့နယ်အပိုင်တွေ မှာကားလမ်းရေကျော်နေပြီ၊ အန္တရာယ်ရေအမှတ်ကိုရောက် ရင်တော့သွားလာလို့မရတော့ဘူး၊ အခုပုံစံအတိုင်းဆိုရင် မြစ်ရေဆက်တိုးပြီး အန္တရာယ်ရေအမှတ် ၂၄ ပေကိုရောက်သွားလိမ့်မယ်"ဟု အဆိုပါ ကားလမ်းတွင် သွားလာနေသူတစ်ဦးက ပြောကြားခဲ့သည်။