
အီရန်က ဟော်မုဇ်ရေလက်ကြားကို အပြည့်အဝ ထိန်းချုပ်ထားပြီဖြစ်ပြီး အဆိုပါ ရေလမ်းကြောင်းအတွင်း နိုင်ငံတကာ သင်္ဘောများ သွားလာနိုင်ပြီဆိုသည့် အမေရိကန်၏ ပြောကြားချက်မှာ မှန်ကန်မှု မရှိဟုအီရန်အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC)၏ ရေတပ်က သြဂုတ် ၂၈ ရက်တွင်ပြောကြားသည်။
ဟော်မုဇ်ရေလက်ကြား ပွင့်သွားပြီဆိုသည့်အမေရိကန်တာဝန်ရှိသူများ၏ ပြောကြားချက်သည် ရေနံစျေးနှုန်းများကို ထိန်းချုပ်ရန်နှင့် အမေရိကန်၏ ရှုံးနိမ့်မှုကိုဖုံးကွယ်ရန် ပြောဆိုသည့် "လုံးဝ မဟုတ်မမှန်သော လိမ်လည်မှု" သာဖြစ်သည်ဟု IRGC ကတယ်လီဂရမ်မှတဆင့် ပြောကြားခဲ့သည်။
အီရန်နှင့် ကြိုတင် ညှိနှိုင်းဆောင်ရွက်ခြင်း မရှိဘဲ ရေလက်ကြားကို ဖြတ်သန်းရန် ကြိုးပမ်းသည့် သင်္ဘောများကို သွားလာခွင့်ပြုမည် မဟုတ်ကြောင်းလည်း ဖြည့်စွက် ဖော်ပြထားသည်။
"မဟာဗျူဟာမြောက် ဟော်မုဇ် ရေလက်ကြားကို အစ္စလာမ်မစ်သမ္မတနိုင်ငံရဲ့တပ်ဖွဲ့တွေ ထိန်းချုပ်မှုဟာ ပြည့်စုံပြီးတိကျမှုရှိပါတယ်" ဟု IRGC ရေတပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အမေရိကန်၏ကျူးကျော်မှုများ ရပ်တန့်ပြီး လွန်ခဲ့သည့် နှစ်လခွဲခန့်က ရရှိခဲ့သော်လည်း သက်တမ်းကုန်သွားပြီဖြစ်သော မူဘောင်သဘောတူညီချက်ပါ ကတိကဝတ်များကို လိုက်နာဆောင်ရွက်ခြင်းမရှိသရွေ့လက်ရှိ အခြေအနေသည် ပြောင်းလဲသွားမည် မဟုတ်ဟု ဆိုသည်။
သို့သော် အမေရိကန် ဗဟိုစစ်ဌာနချုပ် (USCENTCOM) အကြီးအကဲ ဘရက်ဒ် ကူးပါးက အမေရိကန် စစ်တပ်သည်လွန်ခဲ့သည့် လများအတွင်း ရေလက်ကြားရှိ နိုင်ငံတကာသင်္ဘောများ သွားလာသည့်လမ်းကြောင်းများတွင် ထောင်ထားသည့် မိုင်းများကို ရှင်းလင်းခဲ့ပြီး ဖြစ်ရာ လက်ရှိတွင် သွားလာနိုင်ပြီဟုသြဂုတ် ၂၇ ရက်တွင် ပြောကြားခဲ့သည်။
သမ္မတဒေါ်နယ်ထရန့်ကလည်း အဆိုပါ ရေလမ်းကြောင်းမှာ အပြည့်အဝ ပွင့်သွားပြီဖြစ်ပြီး အမေရိကန်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေကြောင်း ပြောကြားထားသည်။
နှစ်ဘက်စလုံး၏ ပြိုင်ဆိုင်ပြောဆိုချက်များမှန်ကန်ခြင်းရှိမရှိ သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ချုပ် (IMO) ၏ အချက်အလက်များအရစစ်မဖြစ်မီက တစ်ရက်ကို ပျမ်းမျှသင်္ဘော အစင်း ၁၃၀ နီးပါး ဖြတ်သန်းသွားလာခဲ့သော်လည်း လွန်ခဲ့သည့် ခုနစ်ရက်အတွင်း တစ်ရက်လျှင် ကုန်သင်္ဘော ၂၉ စင်းခန့်သာ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာခဲ့ကြောင်း ဗြိတိန် ရေကြောင်း ကုန်သွယ်ရေး စေတီအဖွဲ့ (UKMTO) က ထုတ်ပြန်ခဲ့သည်။
ဟော်မုဇ် ရေလက်ကြားသည် ပင်လယ်ကွေ့ နိုင်ငံများမှ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ဓာတ်မြေဩဇာများ တင်ပို့သည့် အဓိက လမ်းကြောင်းတစ်ခုဖြစ်ပြီး လက်ရှိတွင်အီရန်နှင့်အမေရိကန်တို့၏ ပဋိပက္ခတွင်အဓိက စစ်ရေးတင်းမာနေသောနေရာတစ်ခု ဖြစ်လာသည်။
Ref:DPA
AFP photos