Myanmar National Post

“မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ၏ အမျိုးသား ဝတ်စုံမှန်များ” (မူကြမ်း) ပြုစုပြီးစီး၊ အချက်အလက်များ မှန်ကန်မှုရှိစေရေးအတွက် ပြန်လည်စိစစ်အတည်ပြုပေးရန် လိုအပ်


နေပြည်တော်၊ ဩဂုတ် ၂၉

“တီထွင်မှုသည် ရိုးရာကို မကျော်ရန်” ဟူသော မူဝါဒကို အခြေခံလက်ကိုင်ထား၍ တိုင်းရင်းသားဝတ်စုံမှန်များကိုပြုစုခဲ့ပြီး ကချင်ခြောက်မျိုး၊ ကယားကိုးမျိုး၊ ကရင်တစ်မျိုး၊ ချင်းတစ်မျိုး၊ ဗမာတစ်မျိုး၊ မွန်တစ်မျိုး၊ ရခိုင်တစ်မျိုး၊ ရှမ်းခုနစ်မျိုး၊ စုစုပေါင်း တိုင်းရင်းသားလူမျိုး စု ၂၇ မျိုးတို့၏ အမျိုးသားဝတ်စုံမှန်ဆိုင်ရာ အချက်အလက်များကို စုစည်းပြုစုထားသည့် “မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန်များ” (မူကြမ်း) စာအုပ်ကို ပြုစုနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးများ၏ အမျိုးသားဝတ်စုံမှန် သတ်မှတ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆) ကို ယနေ့နံနက် ၁၀ နာရီက ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ရုံးအမှတ် (၃၅) လောကနတ်ခန်းမ၌ကျင်းပရာ အစည်းအဝေးတွင် မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန် သတ်မှတ်ရေးကော်မတီဥက္ကဋ္ဌ၊ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းက “မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ၏ အမျိုးသား ဝတ်စုံမှန်များ” (မူကြမ်း) ပြုစုပြီးစီးသော်လည်း စာအုပ်အဖြစ် ရိုက်နှိပ်မထုတ်ဝေမီ အချက်အလက်များ မှန်ကန်မှုရှိစေရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များနှင့် စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များက ပြန်လည်စိစစ်အတည်ပြုပေးရန် လိုအပ်လျက်ရှိ ပါကြောင်း၊ ပေးပို့ရန်ကျန်ရှိနေသေးသည့် တိုင်းရင်းသားလူမျိုးများ၏ ဝတ်စုံမှန်များကို ဆက်လက်ပေးပို့စေပြီး စာအုပ်အား ပြည့်စုံစွာ ဆက်လက်ထုတ်ဝေသွားရန် ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန် သတ်မှတ်ရေး ကော်မတီအတွင်းရေးမှူး အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာ ကေသီထွေးက ဆောင်ရွက်ထားမှု အခြေအနေများကို ရှင်းလင်း တင်ပြပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးတို့မှ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများနှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များက ဆွေးနွေးတင်ပြကြသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန် သတ်မှတ် ရေးကော်မတီဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးများ၊ မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန်သတ်မှတ်ရေး ကော်မတီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post