Myanmar National Post

လူသားဦးနှောက်နဲ့ ကွန်ပြူတာချိတ်ဆက်နိုင်တဲ့ နျူရိုနည်းပညာနဲ့ ပတ်သက်ပြီး ရုရှားက အိန္ဒိယမှာ ဘီလီယံနဲ့ချီပြီး ရင်းနှီးမြုပ်နှံ


ဩဂုတ် - ၂၉ ( စနေနေ့ ) 

 ရုရှားက လာမယ့် ၅ နှစ်အတွင်း အိန္ဒိယရဲ့ နျူရိုနည်းပညာ ကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံ ဖို့ စီစဉ်နေပါတယ်။ ADI နျူရိုသိပ္ပံ ဆိုင်ရာ ရန်ပုံငွေကို အိန္ဒိယ SPEC ကုမ္ပဏီ က ကျောထောက်နောက်ခံ ပြုထားပြီး ရုရှား နျူရိုနည်းပညာကုမ္ပဏီ နိုင်ရီ  ရဲ့ စီအီးအို နဲ့ ရင်းနှီးမြှုပ်နှံသူ အက်လက်ဇန်ဒါ ပါနော့ဗ် က အဓိက အကြံပေးအဖြစ် ဆောင်ရွက်နေပါတယ်။

ဒီနည်းပညာကဏ္ဍမှာ လူ့ဦးနှောက်နဲ့ ဆက်သွယ်ဆောင်ရွက်နိုင်တဲ့ နည်းပညာတွေနဲ့ စက်ပစ္စည်းကိရိယာတွေ ပါဝင်ပါတယ်။ ဘီလျံနာ ရင်းနှီးမြှုပ်နှံသူ အီလွန်မတ်စ်  ရဲ့ နျူရယ်လင့်ခ်  ဟာ ဒီလို ဦးနှောက်နဲ့ ကွန်ပျူတာ ချိတ်ဆက်မှု (BCI) နည်းပညာမှာ အကျော်ကြားဆုံး ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။

ဈေးကွက်သုတေသနကုမ္ပဏီ Tracxn ရဲ့ အချက်အလက်တွေအရ အိန္ဒိယနိုင်ငံဟာ ကုမ္ပဏီ ၁၂ ခုနဲ့ ကမ္ဘာ့တတိယ နေရာမှာ ရှိနေပြီး တရုတ် (၂၃ ခု) နဲ့ အမေရိကန် (၁၀၁ ခု) တို့ရဲ့ အနောက်မှာ ရပ်တည်နေပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း အိန္ဒိယ BCI တွေဟာ ဒေါ်လာ ၈.၅ သန်းခန့်ပဲ ရင်းနှီးမြှုပ်နှံမှု ရရှိခဲ့ပြီး အမေရိကန်တွေရဲ့ ဒေါ်လာ ၃.၀၃ ဘီလီယံနဲ့ တရုတ်ကုမ္ပဏီတွေရဲ့ ဒေါ်လာ ၁၁၇ သန်းတို့နဲ့ နှိုင်းယှဉ်ရင် အတော်လေး နည်းပါးနေတာပါ။

ကမ္ဘာ့ BCI ဈေးကွက်ဟာ ၂၀၂၄ ခုနှစ်မှာ ဒေါ်လာ ၂.၈၇ ဘီလီယံရှိခဲ့ရာမှ ၂၀၃၅ ခုနှစ်အရောက်မှာ ဒေါ်လာ ၁၅.၁၄ ဘီလီယံအထိ ကြီးထွားလာမယ်လို့ မျှော်မှန်းထားပါတယ်။ ပြီးခဲ့တဲ့အပတ်က စတင်ခဲ့တဲ့ ADI က အိန္ဒိယနိုင်ငံကို နျူရိုနည်းပညာ တိုးတက်ထွန်းကားရာ ဗဟိုချက်တစ်ခု ဖြစ်လာစေဖို့အတွက် သုတေသနအဖွဲ့တွေ၊ အင်ဂျင်နီယာ ကျွမ်းကျင်မှုတွေနဲ့ အရင်းအနှီးတွေ ပေါင်းစည်းနိုင်မယ့် စတင်ရာနေရာတစ်ခုအဖြစ် ရှုမြင်ထားပါတယ်။

"အိန္ဒိယအနေနဲ့ အခြားနေရာတွေမှာ စုစည်းထားတဲ့ စံချိန်စံညွှန်းနဲ့ စည်းမျဉ်းတွေကို လိုက်နာရုံတင် မဟုတ်ဘဲ ဒီကဏ္ဍရဲ့ စံချိန်စံညွှန်းတွေနဲ့ မူဘောင်တွေကို ကိုယ်တိုင် ပုံဖော်ဖန်တီးရာမှာ ပါဝင်ခွင့်ရမယ့် အခွင့်အရေးကောင်း တစ်ခု ရရှိထားတာ ဖြစ်ပါတယ်" လို့ ADI နျူရိုသိပ္ပံရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

"ရန်ပုံငွေရဲ့ အရင်းအမြစ်တွေကို အိန္ဒိယနိုင်ငံတွင်း နျူရိုနည်းပညာ သုတေသနနဲ့ ဖွံ့ဖြိုးရေး  မြှင့်တင်ဖို့၊ ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ ထုတ်ကုန်တွေ ဖန်တီးဖို့နဲ့ ပြည်တွင်းစက်မှုကဏ္ဍကို ဖွံ့ဖြိုးတိုးတက်စေဖို့ အဓိက သုံးစွဲသွားမှာ ဖြစ်ပါတယ်" လို့  ၎င်းအဖွဲ့က ဆိုပါတယ်။ 

ဒီရန်ပုံငွေဟာ ရုရှား နည်းပညာခေါင်းဆောင်ပိုင်းနဲ့လည်း နီးကပ်တဲ့ ဆက်နွှယ်မှု ရှိပါတယ်။ နည်းပညာမြင့် စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ ပါနော့ဗ် က သိပ္ပံဆိုင်ရာ အကြံပေးအဖြစ် ဆောင်ရွက်နေပြီး ဦးနှောက်ချင်း ချိတ်ဆက်မှုဆိုင်ရာ အထူးပြု မော်စကိုစကော့တက္ကသိုလ်မှ ပါမောက္ခ မီခေးလ်လီဗီဒီဗ်  ကတော့ သိပ္ပံဆိုင်ရာ ဘုတ်အဖွဲ့ဝင်အဖြစ် ပါဝင်ထားပါတယ်။


REF: RT

#News #Myanmar

မူရင်းသတင်း — Myanmar National Post