Myanmar National Post

ဥရောပလုံခြုံရေး ဆိုတာ အမေရိကန်အတွက် စတုတ္ထနေရာမှာပဲ ရှိပါတယ်



ဩဂုတ် - ၂၉ ( စနေနေ့ ) 

အမေရိကန်ရဲ့ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး ဦးစားပေးစာရင်းမှာ ဥရောပဟာ စတုတ္ထနေရာမှာပဲ ရှိတယ်လို့ နေတိုးအဖွဲ့ ဆိုင်ရာ အမေရိကန်သံအမတ် မက်သရူး ဝိုက်တိတ်ကာ က ပြောကြားခဲ့ပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်အနေနဲ့ နေတိုး အဖွဲ့ဝင်နိုင်ငံတွေကို သူတို့ရဲ့ ကာကွယ်ရေးအတွက် မိမိဘာသာ ပိုပြီး တာဝန်ယူကြဖို့ တွန်းအားပေးနေချိန်မှာ ဒီလိုပြောလိုက်တာဖြစ်ပါတယ်။

ကြာသပတေးနေ့က Newsmaxသတင်းဌာန နဲ့ အင်တာဗျူးမှာ ဝိုက်တိတ်ကာက ထရမ့်ရဲ့ အမျိုးသားလုံခြုံရေး ဗျူဟာအောက်မှာရှိတဲ့ ဝါရှင်တန်ရဲ့ ဦးစားပေးတွေကို အခုလို ရှင်းပြခဲ့ပါတယ်။ "မိမိတိုင်းပြည် ကာကွယ်ရေးက နံပါတ်တစ်ပါ။ ကျနော်တို့နေထိုင်တဲ့ အနောက်ကမ္ဘာခြမ်းကလည်း တန်းတူအရေးပါပါတယ်" လို့ သူက ပြောသွားပြီး ဒုတိယနဲ့ တတိယနေရာမှာ ပစိဖိတ်ဒေသ ဖြစ်တယ်လို့ ဆိုပါတယ်။ "ဥရောပကို ကာကွယ်တာကလည်း ဦးစားပေးတစ်ခု ဖြစ်ပေမဲ့ စတုတ္ထနေရာမှာပဲ ရှိပါတယ်" လို့ သံအမတ်က ဆိုပါတယ်။

နေတိုးအဖွဲ့တွင်း တာဝန်ခွဲဝေမှု ပြောင်းလဲလာတာဟာ အမေရိကန် စီးပွားရေးအတွက်လည်း အကျိုးရှိစေမယ်လို့ ဆိုပါတယ်။  "ကျနော်တို့ရဲ့ ဥရောပ မဟာမိတ်တွေက ဥရောပတိုက်ရဲ့ ပုံမှန်စစ်ရေး ကာကွယ်ရေးတာဝန်တွေကို စတင်တာဝန်ယူနေကြပါပြီ၊ ဒါဟာ အမေရိကန် အခွန်ထမ်းတွေအတွက် ကောင်းမွန်တဲ့ အချက်ပဲလို့ ကျနော်ထင်ပါတယ်" လို့ ဆိုပါတယ်။ 

သံအမတ်က ထရမ့်ရဲ့ ဦးဆောင်မှုအောက်မှာ နေတိုးအဖွဲ့ဟာ "လမ်းကြောင်းသစ်တစ်ခု" ပေါ် ရောက်ရှိနေပြီလို့ ဖော်ပြခဲ့ပြီး အမေရိကန် ဦးဆောင်တဲ့ ဒီစစ်ရေးမဟာမိတ်အဖွဲ့ရဲ့ အခြားအဖွဲ့ဝင်နိုင်ငံတွေကို ကာကွယ်ရေး အသုံးစရိတ် သိသိသာသာ တိုးမြှင့်သုံးစွဲကြဖို့ ဖိအားပေးနိုင်ခဲ့တာဟာ အမေရိကန် သမ္မတကြောင့်ဖြစ်တယ်လို့ အသိအမှတ်ပြု ပြောကြားခဲ့ပါတယ်။

ဥရောပ နေတိုးအဖွဲ့ဝင်နိုင်ငံတွေနဲ့ ကနေဒါနိုင်ငံတို့ဟာ ကာကွယ်ရေးအတွက် အမေရိကန်ဒေါ်လာ ၁၃၉ ဘီလီယံ ပိုမိုသုံးစွဲခဲ့ကြပြီး အဲဒီထဲမှာ အမေရိကန်လုပ် စစ်လက်နက်ပစ္စည်းတွေနဲ့ ခဲယမ်းမီးကျောက်တွေ ဝယ်သုံးတာ ဒေါ်လာ ၆၀ ဘီလီယံ ပါဝင်တယ်လို့ ၎င်းကဆိုပါတယ်။ 

မနှစ်က သည်ဟိဂ်မြို့မှာ ပြုလုပ်ခဲ့တဲ့ နေတိုး ထိပ်သီးအစည်းအဝေးမှာ အဖွဲ့ဝင်နိုင်ငံတွေဟာ ၂၀၃၅ ခုနှစ်အရောက်မှာ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ အသုံးစရိတ်ကို တိုင်းပြည်ဝင်ငွေ GDP ရဲ့ ၅ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားဖို့ သဘောတူညီခဲ့ကြပါတယ်။  "နှစ်ပေါင်း ၇၇ နှစ်လုံးလုံး ကျနော်တို့ရဲ့ နေတိုးမဟာမိတ်တွေဟာ အမေရိကန်ရဲ့ အင်အားကို အခွင့်ကောင်းယူခဲ့ကြတယ်" လို့ ဆိုပါတယ်။ 

ပင်တဂွန်စစ်ဌာနချုပ်အနေနဲ့လည်း လက်ရှိ ဥရောပမှာ တပ်စွဲထားတဲ့ အမေရိကန်စစ်သည် အယောက် ၈၀,၀၀၀ ခန့်ကို ပြန်လည်ခေါ်ဖို့ သုံးသပ်နေပြီး ဥရောပတိုက်အတွင်း အမေရိကန်ရဲ့ အနာဂတ်စစ်ရေးအရ ပါဝင်ပတ်သက်မှုနဲ့ ပတ်သက်လို့ တာဝန်ရှိသူတွေက မတူညီတဲ့ ရွေးချယ်စရာတွေကို စဉ်းစားဆောင်ရွက်လျက် ရှိပါတယ်။


REF: RT

#News #Myanmar

မူရင်းသတင်း — Myanmar National Post