
နေပြည်တော်၊ ဩဂုတ် ၃၀
မြန်မာနိုင်ငံတွင် စဉ်ဆက်မပြတ် တိုင်းတာလျက်ရှိသော ရည်ညွှန်းမှတ်တိုင် (Continuously Operating Reference Station – CORS) များကို ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း လေးတိုင်နှင့် ပြင်ဦးလွင်မြို့တွင် တစ်တိုင် စုစုပေါင်း ငါးတိုင် တည်ဆောက်ထားပြီး ဂြိုဟ်တုဖြင့် ချိတ်ဆက်၍ ၂၄ နာရီပတ်လုံး အချက်အလက်များ ဖမ်းယူကာ မြေတိုင်းတာရေးလုပ်ငန်းများအတွက် အသုံးပြုဆောင်ရွက်လျက်ရှိသည်။
ရန်ကုန် - မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၂၀၁/၄)အနီးတွင် တည်ဆောက်ထားသည့် စဉ်ဆက်မပြတ်တိုင်းတာ လျက်ရှိသော ရည်ညွှန်းမှတ်တိုင် (Continuously Operating Reference Station – CORS) NPT2 ကို ယမန်နေ့က သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်ဦး ကြည့်ရှုစစ်ဆေးပြီး CORS မှတ်တိုင်များဖြင့် Network ဖွဲ့စည်းကာ Network RTK နည်း စနစ်ဖြင့် တိုင်းတာနိုင်ကြောင်း၊ တိကျမှုအဆင့်အတန်း အလွန်မြင့်မားပြီး Accuracy ကောင်းမွန်သဖြင့် အချိန်ကုန်သက်သာခြင်း၊ ငွေကုန်သက်သာခြင်း၊ တိုင်းတာရေးကိရိယာဝယ်ယူရမှု သက်သာခြင်း၊ တိကျမှုမြင့်မားခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်သည့်အတွက် အထူးအလေးထားဆောင် ရွက်ရန် မှာကြားသည်။
ဆက်လက်၍ ၂၀၂၅ ခုနှစ်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ဒက္ခိဏသီရိမြို့နယ် နေပြည်တော် မြို့ပတ်လမ်းအနီးရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန သင်တန်းကျောင်းကို ကြည့်ရှုစစ်ဆေးပြီး အရည်အသွေးပြည့်မီစွာ အချိန်မီပြီးစီးရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းများဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ရန်မှာကြားသည်။
#News #Myanmar