Eleven Media Group

■ Chinland FC မှ ပျောက်ဆုံးနေသည့် ကစားသမား Pa Lung အား ပြန်လည်တွေ့ရှိခဲ့ပြီး မိခင်ဖြစ်သူ၏ ကျန်းမာရေးကြောင့် အရေးပေါ်ပြန်သွားရခြင်းဖြစ်ဟု အသင်းမှ ထုတ်ပြန်

Chinland FC မှ ပျောက်ဆုံးနေသည့် ကစားသမား Pa Lung အား ပြန်လည်တွေ့ရှိခဲ့ပြီး မိခင်ဖြစ်သူ၏ ကျန်းမာရေးကြောင့် အရေးပေါ်ပြန်သွားရခြင်းဖြစ်ဟု အသင်းမှ သြဂုတ် ၂၉ ရက်၊ ညနေပိုင်းက ထုတ်ပြန်ခဲ့သည်။

Chinland FC အသင်း၏ Facebook စာမျက်နှာရှိ ထုတ်ပြန်မှုတွင် "Chinland FC ၏ ကစားသမား Pa Lung သည် ၇ ရက်ကြာ အဆက်အသွယ်ပြတ်တောက်ခဲ့ပြီးနောက် ယခုအခါ ဘေးကင်းစွာ ပြန်လည်တွေ့ရှိခဲ့ပြီး အသင်းနှင့်လည်း ပြန်လည်ပူးပေါင်းနေပြီဖြစ်ကြောင်း Chinland FC မှ ဝမ်းမြောက်စွာဖြင့် အများပြည်သူသို့ အသိပေးအပ်ပါသည်။

Pa Lung သည် မိခင်ဖြစ်သူ၏ ကျန်းမာရေး အထူးအရေးပေါ်အခြေအနေကြောင့် အသင်းထံ အကြောင်းကြားနိုင်ခြင်းမရှိဘဲ နေရပ်သို့ အရေးပေါ်ပြန်သွားခဲ့ရခြင်းဖြစ်ပါသည်။ ခရီးလမ်းတွင် ဖုန်းအားကုန်သွားခြင်းနှင့် အခြားဆက်သွယ်ရေးအခက်အခဲများကြောင့် အသင်းနှင့် အဆက်အသွယ်ပြတ်တောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်"ဆိုပြီး ရေးထားဖော်ပြထားသည်။
ဆက်လက်၍ "ယခုအချိန်တွင် Pa Lung နှင့် အဆက်အသွယ်ပြန်လည်ရရှိပြီး အသင်းသို့လည်း ဘေးကင်းစွာ ပြန်လည်ရောက်ရှိနေပြီဖြစ်သောကြောင့် မိသားစုဝင်များ၊ ဆွေမျိုးမိတ်ဆွေများ၊ ချစ်ခင်အားပေးသူများနှင့် စိတ်ပူပန်ပေးခဲ့ကြသူများအားလုံး စိတ်အေးချမ်းနိုင်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်"ဟု ဆက်လက်ထုတ်ပြန်ထားသည်။

Pa Lung နှင့် အဆက်အသွယ်ပြတ်တောက်သွားသည့်အချိန်မှစ၍ Chinland FC အနေဖြင့် သက်ဆိုင်ရာ ရဲစခန်းတွင် တရားဝင်အမှုဖွင့်တိုင်ကြားခဲ့ပြီး၊ အသင်းတာဝန်ရှိသူများကလည်း (၅) ရက်ကြာ အစွမ်းကုန် လိုက်လံရှာဖွေကြောင်း၊ အချိန်ကြာမြင့်လာသော်လည်း မည်သည့်အဆက်အသွယ်မျှ မရရှိခဲ့သည့်အတွက် ကစားသမား၏ ဘေးကင်းလုံခြုံရေးကို အထူးစိုးရိမ်ကာ အများပြည်သူ၏ အကူအညီရရှိနိုင်ရန် တရားဝင်သတင်းထုတ်ပြန်ခဲ့ရခြင်းဖြစ် ကြောင်း ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

ယခုကဲ့သို့ ကျွန်တော်တို့၏ ကစားသမား Pa Lung ကို ဘေးကင်းစွာ ပြန်လည်တွေ့ရှိနိုင်ခဲ့ခြင်းအတွက် အထူးဝမ်းမြောက်ပြီး ဤကာလအတွင်း Pa Lung ၏ ဘေးကင်းလုံခြုံရေးအတွက် စိတ်ပူပန်ပေးခဲ့ကြသူများ၊ ရှာဖွေရေးတွင် ကူညီပေးခဲ့ကြသူများ၊ သတင်းများ မျှဝေပေးခဲ့ကြသူများ၊ ဆုတောင်းမေတ္တာပို့သပေးခဲ့ကြသူများအားလုံးကို Chinland FC မိသားစုမှ နှလုံးသားအပြည့်ဖြင့် အထူးကျေးဇူးတင် ကြောင်း ထုတ်ပြန်ထားသည်။

Myanmar Football Federation (MFF)၊ Myanmar National League (MNL) မှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ Media များအားလုံး ၊ မြန်မာနိုင်ငဲ ရဲ တပ်ဖွဲ့ နှင့် သက်ဆိုင်ရာအဖွဲအစည်းမှ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ Pa Lung အား ဘေးကင်းစွာ ပြန်လည်တွေ့ရှိနိုင်ရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ကူညီပေးခဲ့ကြသူ တစ်ဦးချင်းစီအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း ထုတ်ပြန်ထားသည်။

မူရင်းသတင်း — Eleven Media Group