
ကချင်ပြည်နယ် နှင့် မန္တလေးသို့ ဆက်သွယ်ထားသည့် ဗျူဟာလမ်းမကြီး လမ်းပိုင်းများ ကွင်းလမ်းခရီးကြောင့် လမ်းပျက်စီးကာ သွားလာရ ခက်ခဲနေကြောင်း ပို့ဆောင်ရေး လုပ်ငန်း လုပ်ကိုင်သူများက ဆိုပါသည်။
လက်ရှိတွင် မြစ်ကြီးနားသို့ အဓိက သွားလာနေသည့် မန္တလေး-မတ္တရာ-တကောင်းထီးချိုင့်-ကသာ-မိုးညှင်း -မိုးကောင်း -မြစ်ကြီးနား လမ်းပိုင်းနှင့် မန္တလေး-စစ်ကိုင်း-ရွှေဘို-ဇင်း-ဘော-နန့်သဲ-အင်းတော်-မော်လူး-မိုးညှင်း-မိုးကောင်း-မြစ်ကြီးနား လမ်းပိုင်းများတွင် ကွင်းလမ်းခရီး သွားနေရမှုကြောင့် လမ်းပိုင်းများ ပျက်စီးကာ လမ်းပိတ်မှုများ ဖြစ်နေကြောင်း ယာဉ်မောင်းများက ဆိုပါသည်။
ယာဉ်လုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက '' ရွှေဘိုဘက်က သွားရင်လည်း အင်းတော်ကွင်းလမ်းပေါ့။မဲဇာချောင်းဖျားကို ကွင်းရတာ။ မော်ဟန်-နန့်စီးအောင် ဘက်ထွက်တာ။ လမ်းတွေက ကျေးရွာလမ်းတွေ။တောလမ်းတွေပဲ။ပထမတော့ ကားလေးလမ်း၊ ကားကြီးလမ်း ခွဲပေးတယ်။ကားကြီးလမ်းက ဗွက်နစ်တော့ ကားလေးလမ်းကို လာပေါင်းတဲ့ဆီမှာ ဒုက္ခတွေ့တာပဲ။ တံတားငယ်တွေ အကုန်ကျိုးတာ။ဗွက် ခါးလောက်နစ်တယ်။ ဆင်တွေနဲ့ ဆွဲနေကြရတုန်း ။ကျတော့် ကုန်ကား ပိတ်တာ နှစ်လလောက် ရှိနေပြီ။ မန်းလေး-ထီးချိုင့်ဘက်ကနေ တက်ရင် ကသာမှာ ပိတ်တာက အင်းတော်-မော်လူး ပိုင်းမှာ တိုက်ပွဲတွေ မကြာမကြာ ဖြစ်နေတော့ အဲ့ လမ်းပိုင်းလည်းပိတ်ထားတာ ဆယ်ရက်လောက် မကတော့ဘူး''ဟု ဆိုသည်။
လက်ရှိတွင် အတက်ကားများမှာ နန့်သဲ ၊စက်တော၊ကြိမ်ချောင်း၊မအူကုန်း၊ဗူးဓလက် ကျေးရွာ ဝန်းကျင်အထိ အစီးရေ တစ်ထောင်ဝန်းကျင် ပိတ်မိနေကြောင်း မြစ်ကြီးနားမှ ဆင်းလာသည့် ကားများမှာ လည်းရာချီရှိနေကြောင်း၊ ကသာ လမ်းပိုင်းတွင်လည်း ကားအစီးရေ တစ်ထောင် ဝန်းကျင် ရှိနေကြောင်းပို့ဆောင်ရေး လုပ်ဆောင်သူများက ဆိုပါသည်။
'' အချို့လည်း ပြန်လှည့်လို့ ရတဲ့ဟာ ပြန်လှည့်နေကြတယ် ။တချို့က လမ်းတဝက်မှာ ရှေ့တို့မရ နောက်ဆုတ်မရ။ အင်းတော် ကွင်းလမ်းမှာ မဲဇာချောင်းဖျားအတက် အောက်တော လမ်းမှာ ထွန်စက်ဆွဲရင် ခြောက်သိန်း၊ ဆင်နဲ့ဆွဲရင် လေးသိန်း ဆိုတော့ ဆင်သုံးကောင်နဲ့ မနည်းဆွဲရတယ် ။နွားရှဉ်းနဲ့လည်း ဆွဲရတယ်။ကျွဲရှဉ်း နဲ့လည်း ဆွဲရတယ် ။ပြည်ထောင်စုလမ်းမကြီး မဖွင့်မချင်း အဆင်မပြေနိုင်တော့ဘူး ''ဟု ဆိုသည်။
လက်ရှိတွင် မိုးညှင်း-မြစ်ကြီးနားဘက်သို့ သွားလိုပါက နန့်သဲကျေးရွာအထိ ကားဖြင့်ကျပ်တစ်သိန်းခွဲမှ သုံးသိန်းကျပ် စျေးပေါက်ပြီး နန့်သဲမှ မိုးညှင်းမြို့သို့ ဆိုင်ကယ် ကယ်ရီဖြင့် နှစ်သိန်းခွဲမှ လေးသိန်းကျပ်အထိ စျေးရှိကြောင်း ခရီးသွားတစ်ဦးက ဆိုသည်။'' မိုးညှင်းကနေ ကယ်ရီ သုံးသိန်းပေးပြီး နန့်သဲဆင်းလာတယ် ။နန့်သဲ- မန်းလေး ဆင်းလာတာက တစ်သိန်းခွဲ။မိုးညှင်း -မြစ်ကြီးနားကြတော့ ကားရော၊ရထားရော အဆင်ပြေတယ်''ဟု ဆိုသည်။
ကချင်ပြည်နယ်၊မိုးညှင်းမြို့တွင် အောက်ပိုင်း ဒေသထွက် ကုန်စည်အချို့ ပြတ်လပ်နေပြီး စျေးနှုန်းများလည်း အဆမတန် တက်နေကြောင်း မြို့ခံ တစ်ဦးက ပြောကြားသည်။ '' စျေးက ကနေ့ မနက်ဖြန်တူတာ မဟုတ်ဘူး။ ဘိလပ်မြေက ၆၅၀၀၀ လောက်ကနေ တစ်သိန်းလောက် ဖြစ်သွားတယ်။ကြက်ဥကတော့ တစ်ထောင် ဝန်းကျင်လောက်ပေါ့။ဓါတ်ဆီဆိုရင် တစ်လီတာတစ်သောင်း သုံးထောင်လောက်မှာ ရှိနေတယ်။ ဆိုင်ကြီးတွေ ပြတ်တော့ ရောင်းချင်သလိုရောင်းနေကြတာရယ်။လမ်းဖွင့်မှ အဆင်ပြေကြမှာ ။အခုက လူမမာကို လည်ပင်းညှစ်နေကြသလိုပဲ''ဟု ဆိုသည်။
မန္တလေး-မြစ်ကြီးနား လမ်းပိုင်းသည် မိုင်ပေါင်း ၃၅၀ ဝန်းကျင်ရှိပြီး ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲတွင် ရထားလမ်းပိုင်းများ အားလုံးရပ်နားခဲ့ရသည်။ကားလမ်းပိုင်းမှာ ၂၀၂၃ ခုနှစ်နောက်ပိုင်းဒေသတွင်း လက်နက်ကိုင် အဖွဲ့များ၏ ညွန်ကြားထားသည့် ကွင်းလမ်းခရီးများကြောင့် အခက်အခဲပေါင်းများစွာ ကြုံတွေ့နေကြရခြင်းဖြစ်သည်။