Eleven Media Group

မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ရာထူးမှ ဖယ်ရှားခံရ

မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီး နိုကွမ်ချိုကို ရာထူးမှ ဖယ်ရှားလိုက်ကြောင်း နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဩဂုတ် ၃၀ ရက်တွင် ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံတွင် စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်ပိုင်း ပြန်လည်ပြင်ဆင်ဖွဲ့စည်းမှု၏ အစိတ်အပိုင်းတစ်ခုအဖြစ် ရာထူးမှ ဖယ်ရှားလိုက်ခြင်းဖြစ်သည်ဟု KCNA က ဖော်ပြခဲ့သည်။

အဆိုပါ ဖွဲ့စည်းပုံ ပြန်လည်ပြင်ဆင်ရေး အစီအစဉ်များကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် ဦးဆောင်ပြီး ဩဂုတ် ၂၉ ရက်က ပြုလုပ်ခဲ့သော အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း KCNA က ဆိုသည်။

နိုကွမ်ချိုသည် ကာကွယ်ရေးဝန်ကြီး ရာထူးမှ ဖယ်ရှားခံခဲ့ရရုံသာမက အာဏာရပါတီ ခေါင်းဆောင်ပိုင်းတွင်လည်း ခဲယမ်းမီးကျောက် စက်မှုဝန်ကြီးဌာန၏ ပထမ ဒုတိယ ညွှန်ကြားရေးမှူးအဖြစ် ရာထူး လျှော့ချခံခဲ့ရကြောင်း KCNA က ဖော်ပြခဲ့သည်။

ကိုရီးယားပြည်သူ့တပ်မတော်၏ အထွေထွေနိုင်ငံရေးဗျူရို ညွှန်ကြားရေးမှူး ကင်ဆောင်ဂီ ကို ကာကွယ်ရေးဝန်ကြီး အသစ်အဖြစ် ခန့်အပ်ခဲ့သည်။

အခြား ထိပ်တန်းအရာရှိတစ်ဦးဖြစ်သူ ကာကွယ်ရေး အကြံပေး ပတ်ဂျုံချွန်ကို ဗဟို စစ်ကော်မရှင်၏ ဒုတိယဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့ပြီး အာဏာရပါတီ၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်အဖြစ် အမည်စာရင်း တင်သွင်းခဲ့သည်။

အခြား ရာထူးတိုးမြှင့်မှု အများအပြားကိုလည်း ကြေညာခဲ့သည်။

သီးခြား သတင်းဖော်ပြချက်တစ်ခုတွင် ကင်သည် စစ်ဘက်ဆိုင်ရာ နည်းပညာ တိုးတက်မှုများအတွက် သိပ္ပံပညာရှင်များ၊ သုတေသီများနှင့် အရာရှိများကို ဩဂုတ် ၂၉ ရက်က ပြုလုပ်ခဲ့သည့် အခမ်းအနားတစ်ခုတွင် ချီးကျူးဂုဏ်ပြုခဲ့ပြီး နိုင်ငံ၏ အမြင့်ဆုံး ဂုဏ်ထူးဆောင်ဘွဲ့များကို ပေးအပ်ခဲ့ကြောင်း KCNA က ဆိုသည်။

ဂုဏ်ပြုခံရသူများသည် တိုက်ခိုက်ရေး လက်နက်စနစ်သစ်များ တည်ဆောက်ရေးတွင် အရေးပါသည့် သိပ္ပံနှင့် နည်းပညာဆိုင်ရာ ပြဿနာများကို ဖြေရှင်းရာတွင် များစွာ အထောက်အကူပြုခဲ့ကြောင်း KCNA က ထုတ်ပြန်ခဲ့သော်လည်း လက်နက်စနစ် အမျိုးအစားကိုမူ အသေးစိတ် ဖော်ပြခဲ့ခြင်း မရှိပေ။

KCNA က ထုတ်ပြန်သည့် ဓာတ်ပုံတစ်ပုံတွင် ကင်က ဆုရရှိသူတစ်ဦးအား တံဆိပ်တပ်ပေးနေပုံကို တွေ့ရသည်။

နျူကလီးယားလက်နက် ပိုင်ဆိုင်ထားသည့် မြောက်ကိုရီးယားနိုင်ငံ၏ လက်နက်သုတေသနစင်တာသည် စစ်ပွဲဆင်နွှဲနိုင်စွမ်း ရည်မှန်းချက်ကို မြှင့်တင်ရာတွင် ထူးခြားသည့် ဖြစ်ရပ်တစ်ခုအဖြစ် မှတ်ယူနိုင်မည့် သီးသန့် နည်းပညာများကို မကြာသေးမီက တီထွင်နိုင်ခဲ့သည်ဟု သတင်းဖော်ပြခဲ့သော်လည်း အသေးစိတ် အချက်အလက်များကိုမူ ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

ထိုကဲ့သို့သော နည်းပညာများဖြင့် နိုင်ငံ၏ စစ်ရေးနှင့် နည်းပညာဆိုင်ရာ စွမ်းဆောင်ရည်များ သီးခြား တိုးတက်လာမှု လမ်းကြောင်းကို ပြသနိုင်ခဲ့သည်ဟု ဆိုသည်။

ဇွန်လကုန်ပိုင်းက ကင်သည် ပိုမိုဝေးကွာသော အကွာအဝေးအထိ ပစ်ခတ်နိုင်သည့် ဒုံးပစ်လောင်ချာစနစ်သစ်နှင့် အမြောက်များ စမ်းသပ်မှုကို ကြီးကြပ်ကွပ်ကဲခဲ့သည်။

Ref: AFP

မူရင်းသတင်း — Eleven Media Group