Eleven Media Group

DEMU ရထားများ ပြေးဆွဲနေသည့် ရန်ကုန် - ပြည်ရထားလမ်းပိုင်းတွင် မြန်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရန် ရထားလမ်းပိုင်းအဆင့်မြှင့်တင်

DEMU ရထားများ ပြေးဆွဲနေသည့် ရန်ကုန် - ပြည်ရထားလမ်းပိုင်းတွင် မြန်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရန် ရထားလမ်းပိုင်းအဆင့်မြှင့်တင်နေကြောင်း သိရသည်။

ရန်ကုန် - ပြည်ရထားလမ်းပိုင်းတွင် DEMU ရထားများပြေးဆွဲနေပြီဖြစ်သဖြင့် ခရီးသွားပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရေး၊ ရထားများ အချိန်မှန်ကန်ရေးအတွက် မြန်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရန် ရထားလမ်းပိုင်း အဆင့်မြှင့်တင်ပြုပြင်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်နေမှုကို ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် သြဂုတ် ၂၉ ရက်က သွားရောက်ကြည့်ရှုစစ်ဆေးပြီး ရန်ကုန်-ပြည် ရထားလမ်းပိုင်း အရှည် ၁၆၁ မိုင်တွင်(ALLTM) စက်ကြီး လေးစီးဖြင့် ရထားလမ်းမြှောက် ပါကင်ရိုက်ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် စုစုပေါင်း ၁၂၁ မိုင် ဆောင်ရွက်ပြီးစီးပြီဖြစ်၍ ကျန်ရှိသည့် မိုင် ၄၀ ကို ယခုနှစ် စက်တင်ဘာ ၃ ရက်တွင် ပြီးစီးရေးလျာထားဆောင်ရွက်ရန်၊ ထို့အတူ ရန်ကုန်-ပြည် ရထားလမ်းပိုင်းအတွင်း ၉ ချောင်းဆက် သံလမ်းခင်းခြင်းလုပ်ငန်းမှာ တညင်းကုန်းဘူတာမှ ဖလုံဘူတာအထိ ၃၇ မိုင်နှင့် ပြည်ဘူတာမှ ဇီးကုန်းဘူတာ အထိ ၄၃ မိုင် စုစုပေါင်း မိုင် ၈၀ ပြီးစီးပြီဖြစ်၍ ကျန်ရှိသည့် ဖလုံဘူတာမှ ဇီးကုန်းဘူတာအထိ ၆၈ ဒသမ ၅ မိုင်အား ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်းအပြီး ဆောင်ရွက်နိုင်ရန် ပြောကြားခဲ့သည်။

ထို့ပြင် Automatic Leveling, Lining & amp; Tamping Machine (ALLTM) စက်ကြီးဖြင့် နတ်တလင်း - ပေါင်းတည်ဘူတာ ကြားတွင်လည်းကောင်း၊ သဲကုန်း- ဆင်မြီးဆွဲကြားတွင်လည်းကောင်း၊ ဆင်မြီးဆွဲ - မှော်ဇာကြား၊ မှော်ဇာလမ်းဆုံနှင့် ပြည်ဘူတာကြားတွင်လည်းကောင်း အဆင့်မြှင့်တင်ပြုပြင်နေမှုကိုလည်း ကြည့်ရှုစစ်ဆေးခဲ့သည်။

သြဂုတ် ၂၈ ရက်ကလည်း ရန်ကုန်-တိုးကြောင်ကလေး-ဒဂုံ တက္ကသိုလ်ရထားလမ်းပိုင်း တစ်လျှောက် ရထားလမ်းကြံ့ခိုင်မှု၊ ဒဂုံတက္ကသိုလ်ဘူတာပြင်ဆင်နေမှု၊ တိုးကြောင် ကလေး - သီလဝါရထားလမ်းပိုင်း တစ်လျှောက်ရထားလမ်းများ၏ ကြံ့ခိုင်မှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာများ မှာကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group