Eleven Media Group

■ အဆုတ်နှင့် ရင်ခေါင်း ခွဲစိတ်ဆေးပညာဆိုင်ရာ မဟာဘွဲ့နှင့် ပါရဂူဘွဲ့ သင်တန်းများ ဖွင့်လှစ်သင်ကြားလျက်ရှိပြီး လက်ရှိတွင် သင်တန်းသား စုစုပေါင်း (၃၀)ဦးခန့် တက်ရောက်သင်ယူလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

အဆုတ်နှင့် ရင်ခေါင်း ခွဲစိတ်ဆေးပညာဆိုင်ရာ မဟာဘွဲ့နှင့် ပါရဂူဘွဲ့ သင်တန်းများ ဖွင့်လှစ်သင်ကြားလျက်ရှိပြီး လက်ရှိတွင် သင်တန်းသား စုစုပေါင်း (၃၀)ဦးခန့် တက်ရောက်သင်ယူလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြားကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ပြောကြားသည်။

အောက်တိုဘာ ၁၀ ရက်က မြန်မာနိုင်ငံ အဆုတ်နှင့်ရင်ခေါင်း ပညာရပ်ဆိုင်ရာညီလာခံ (၂၀၂၆)ဖွင့်ပွဲကို ရန်ကုန်မြို့ရှိ Novotel ဟိုတယ်၌ ကျင်းပပြီးညီလာခံကို “အဆုတ်ကျန်းမာရေး ပိုမိုကောင်းမွန်ဖို့ အတူတကွ လက်တွဲဆောင်ရွက်စို့” (Together for Better Lung Health) ဆောင်ပုဒ်ဖြင့် အောက်တိုဘာ ၁၀ ရက်နှင့် ၁၁ ရက် နှစ်ရက်တာ ကျင်းပခဲ့သည်။

ညီလာခံဖွင့်ပွဲတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများသည် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးစိန်ခေါ်မှုများဖြစ်သဖြင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု၊ အသိပညာနှင့် အတွေ့အကြုံ များ မျှဝေခြင်းတို့ဖြင့် ကုသမှုဆိုင်ရာ စွမ်းရည်များမြှင့်တင်ရန် လိုအပ်ကြောင်း၊ အဆုတ်နှင့် ရင်ခေါင်း ခွဲစိတ်ဆေးပညာဆိုင်ရာ မဟာဘွဲ့နှင့် ပါရဂူဘွဲ့ သင်တန်းများ ဖွင့်လှစ်သင်ကြားလျက်ရှိပြီး လက်ရှိ တွင် မဟာဘွဲ့နှင့် ပါရဂူဘွဲ့ သင်တန်းသား စုစုပေါင်း (၃၀)ဦးခန့် တက်ရောက်သင်ယူလျက်ရှိကြောင်း၊ ပြည်သူများအတွက် ထိရောက်ပြီး လိုအပ်ချက်နှင့်ကိုက်ညီသော ကျန်းမာရေဝန်ဆောင်မှုများ ပေးနိုင်ရေး အမျိုးသားကျန်းမာရေးစနစ် ခိုင်မာအားကောင်းစေရန်၊ အဆင့်မြင့်ဆေးဘက်ဆိုင်ရာ စက်ကိရိယာများနှင့် ဆေးပညာရှင်များ၏ စွမ်းရည်မြှင့်တင်ရေးကို ဆက်လက်အားပေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ကျန်းမာရေးစိန်ခေါ်မှု များကို ဖြေရှင်းနိုင်ရန် ဆေးဘက်ဆိုင်ရာသုတေသနနှင့် ဆေးပညာရှင်များအကြား ပညာရပ်ဆိုင်ရာဖလှယ်မှုများ၊ သုတေသနလုပ်ငန်းများကို မြှင့်တင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက တိုက်တွန်းပြောကြားသည်။

ထို့အတူ မြန်မာနိုင်ငံ အဆုတ်နှင့်ရင်ခေါင်းပညာရပ်ဆိုင်ရာအဖွဲ့ ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာထက်မြက်က ညီလာခံအကြိုနှုတ်ခွန်းဆက်စကားပြောကြားပြီးနောက် ပြည်ထောင်စု ဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးလှုမှုရေးရာဝန်ကြီး၊ မြန်မာနိုင်ငံအဆုတ်နှင့်ရင်ခေါင်းပညာရပ် ဆိုင်ရာအဖွဲ့ ဥက္ကဋ္ဌတို့က ညီလာခံကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ပညာရပ်ဆိုင်ရာ ပိုစတာပြခန်းနှင့် ဆေးဘက်ဆိုင်ရာပြခန်းများကို ကြည့်ရှုအားပေးသည်။

အဆိုပါညီလာခံသို့ နိုင်ငံတကာမှ အဆုတ်နှင့်ရင်ခေါင်းဆေးပညာရှင်များ၊ မြန်မာနိုင်ငံမှ အဆုတ်နှင့်ရင်ခေါင်းဆေးပညာရှင်များနှင့် မျိုးဆက်သစ်ဆေးပညာရှင်များ၊ စင်္ကာပူ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်းနိုင်ငံ တို့မှ ဆေးပညာရှင်များလည်း တက်ရောက်ကြပြီး အဆုတ်နှင့် ရင်ခေါင်း ဆေးပညာရပ်နယ်ပယ်၏ တိုးတက်ဖြစ်ထွန်းမှုများ၊ လက်တွေ့လုပ်ငန်းခွင်အတွေ့အကြုံများ၊ ရောဂါရှာဖွေစစ်ဆေးခြင်းနှင့် ကုသရေးကဏ္ဍတို့တွင် စွမ်းဆောင်နိုင်မှုများကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ညီလာခံအကြိုအလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာ ၉ ရက်တွင် အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)-ရန်ကုန်၊ အဆုတ်နှင့်ရင်ခေါင်းခွဲစိတ်ကုပညာဌာန၌ ကျင်းပခဲ့ရာ သင်တန်းသား ၅၀ တက်ရောက်၍ စာတွေ့လက်တွေ့ သင်ယူခဲ့ကြသည်။

ယခုကဲ့သို့ ဆေးပညာရပ်ဆိုင်ရာညီလာခံများကို ကျင်းပပြုလုပ်ခြင်းဖြင့် နိုင်ငံတကာ ဆေးပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ဆေးပညာရှင်များအကြားအတွေ့အကြုံနှင့် သုတေသန ဖလှယ်မှုများမှတစ်ဆင့် ဆေးပညာရှင်များ၏ စွမ်းရည်မြှင့်တင်နိုင်ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှုများ၏ အရည်အသွေးနှင့်ထိရောက်မှုကို ပိုမို တိုးတက်ကောင်းမွန်စေနိုင်မည် ဖြစ်သည်။

မူရင်းသတင်း — Eleven Media Group