
ဩဂုတ် - ၃၀ ( တနင်္ဂနွေနေ့ )
အစ္စရေးလုံခြုံရေးအေဂျင်စီ ရှင်းဘတ် ရဲ့ ထုတ်ပြန်ချက်အရ ဝန်ကြီးချုပ် ဘင်ဂျမင် နက်တန်ယာဟု ရဲ့ သားအကြီးဆုံး ယာအဲရ် နက်တန်ယာဟု မှာ အသက်အန္တရာယ်ရှိနေတဲ့ အတွက် အမေရိကန်ပြည်ထောင်စုကနေ လေယာဉ်နဲ့ လျှို့ဝှက်စွာ ပြန်လည်ခေါ်ဆောင်ခဲ့ပါတယ်။
ဒီသတင်းဟာ နက်တန်ယာဟုကိုယ်တိုင် အစ္စရေး Channel 14 သတင်းဌာန နဲ့ ဖုန်းအင်တာဗျူးမှာ အီရန်ဘက်က သားဖြစ်သူတစ်ဦးကို "လုပ်ကြံဖို့ ကြိုးစားခဲ့တယ်" လို့ စွပ်စွဲပြောကြားခဲ့ပြီး ရက်ပိုင်းအကြာမှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်သားကို လုပ်ကြံဖို့ ကြိုးစားတာလဲဆိုတာနဲ့ အဆိုပါ ကြံစည်မှုနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ တိတိကျကျ ပြောကြားခဲ့ခြင်း မရှိပါဘူး။
"ယာအဲရ် နက်တန်ယာဟုကို အန္တရာယ်ပြုဖို့ ကြီးမားတဲ့ ခြိမ်းခြောက်မှု ရှိခဲ့တာကြောင့် သုံးသပ်ဆန်းစစ်ချက်တွေ ပြုလုပ်ပြီးတဲ့နောက် ၎င်းကို လုံခြုံရေးအဖွဲ့နဲ့ အရေးပေါ် ခေါ်ထုတ်ပြီး အစ္စရေးကို ပြန်လည်ခေါ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်" လို့ ရှင်းဘတ် က စနေနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ခြိမ်းခြောက်မှုရဲ့ သဘောသဘာဝ ဒါမှမဟုတ် ဒီစစ်ဆင်ရေးကို ဘယ်အချိန်မှာ အတိအကျ လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပါဘူး။
အမည်မဖော်လိုတဲ့ အမေရိကန် တရားဥပဒေစိုးမိုးရေး သတင်းအရင်းအမြစ်တစ်ခုက အစ္စရေးထောက်လှမ်းရေး အဖွဲ့ ဟာ လွန်ခဲ့တဲ့နှစ် ဒီဇင်ဘာလတည်းက ယာအဲရ် ကို လုပ်ကြံဖို့ ကြံစည်မှုကို ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
Channel 12 ရဲ့ ဖော်ပြချက်အရ အဆိုပါ အရေးပေါ် ခေါ်ထုတ်ရေး စစ်ဆင်ရေးကို လုပ်ဆောင်ဖို့အတွက် ရှင်းဘတ် အဖွဲ့ဟာ အဲဒီအချိန်က နယူးယောက်ကိုရောက်နေတဲ့ အစ္စရေးသမ္မတ အိုက်ဇက် ဟာဇော့ဂ် ကို လုံခြုံရေးယူပေးနေတဲ့ ကိုယ်ရံတော် အေးဂျင့်တွေနဲ့ လဲလှယ်ခဲ့ပါတယ်။
အီရန်လျှို့ဝှက်အေးဂျင့်တွေဟာ ယာအဲရ်ရဲ့ နေအိမ်နဲ့ သွားလာလှုပ်ရှားမှုတွေကို စောင့်ကြည့်နေခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ အမေရိကန်မှာ နှစ်ပေါင်းများစွာ သက်သောင့်သက်သာ ခမ်းနားစွာ နေထိုင်ခဲ့တဲ့ ယာအဲရ်ဟာ ချက်ချင်း ထွက်ခွာဖို့ အမိန့်ပေးခြင်းခံရပြီး သူ့ရဲ့ ကိုယ်ပိုင်ပစ္စည်းတွေကိုတောင် ပြန်မသိမ်းနိုင်ဘဲ အစ္စရေးကို ချက်ချင်း ပြန်ခဲ့ရတယ်လို့ ဆိုပါတယ်။
သူ့ရဲ့ နိုင်ငံခြားမှာ ရေရှည်နေထိုင်မှုဟာ မိခင်နိုင်ငံမှာ ဝေဖန်ပြစ်တင်မှုတွေ ရင်ဆိုင်ခဲ့ရပြီး၊ အထူးသဖြင့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ဟားမတ်စ်အဖွဲ့ရဲ့ တိုက်ခိုက်မှုအပြီး ဂါဇာမှာ တုံ့ပြန်စစ်ဆင်ရေးအတွက် အစ္စရေး အရန်တပ်ဖွဲ့ဝင် ရာပေါင်းများစွာကို ဆင့်ခေါ်ချိန်မှာ သူ ဘာကြောင့် နိုင်ငံခြားမှာ ဆက်ရှိနေသလဲဆိုတာနဲ့ ပတ်သက်လို့ ပြည်သူအများက မေးခွန်းထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။
REF: RT
#News #Myanmar