Myanmar National Post

နီပေါ နဲ့ တရုတ် ရေဘေး ကယ်ဆယ်ရေး ဆက်လုပ်ဆောင်ရွက်နေ



ဩဂုတ် - ၃၀ ( တနင်္ဂနွေနေ့ ) 

တရုတ်နိုင်ငံနဲ့ ထိစပ်နေတဲ့ မြောက်ဘက်နယ်စပ်မှာ ဗုဒ္ဓဟူးနေ့နံနက်ပိုင်းက ဘေးဒုက္ခဆိုးကြီးကိုဖြစ်စေခဲ့တဲ့ ရုတ်တရက် ရေကြီးရေလျှံမှုကြောင့် မြို့ရွာတွေ ပျက်စီးသွားပြီး လူပေါင်း ၃၅၀ ကျော် သေဆုံးခဲ့ရတဲ့နောက် နီပေါနိုင်ငံဟာ ပျောက်ဆုံးနေသူ ထောင်ပေါင်းများစွာကို ရှာဖွေဖို့ နယ်မြေရှင်းလင်း ကယ်ဆယ်ရေးလုပ်ငန်းတွေကို အရှိန်မြှင့် ဆောင်ရွက်နေပါတယ်။

နီပေါနိုင်ငံခြားရေးဝန်ကြီး က ကြာသပတေးနေ့မှာ မိသားစု ထောင်ပေါင်းများစွာဟာ အိမ်ခြေယာခြေမဲ့ဖြစ်ခဲ့ရပြီး လက်ရှိအချိန်ထိ လူပေါင်းများစွာ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ နီပေါ အမျိုးသား သဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့် စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ လူပေါင်း ၈၂၆ ဦး ပျောက်ဆုံးနေပြီး နူဝါကော့ နဲ့ ရာဆူဝါ ခရိုင်တွေဟာ ထိခိုက်ပျက်စီးမှု အဆိုးရွားဆုံး ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။ ပျောက်ဆုံးနေသူတွေထဲမှာ နီပေါတပ်မတော်သား ၄၄ ဦး၊ ရဲတပ်ဖွဲ့ဝင် ၂၈ ဦးနဲ့ လက်နက်ကိုင် ရဲတပ်ဖွဲ့ဝင် ၁၃ ဦးတို့လည်း ပါဝင်နေပါတယ်။

အဆိုးရွားဆုံး ထိခိုက်ခဲ့တဲ့ ဧရိယာတွေထဲကနေ လူပေါင်း ၁၀၀ နီးပါးကို ကယ်ဆယ်နိုင်ခဲ့ပြီး နီပေါစစ်တပ် နဲ့ ပုဂ္ဂလိက ဟယ်လီကော်ပတာတွေ အသုံးပြုကာ ကယ်ဆယ်ရေး စစ်ဆင်ရေးတွေကို ဆက်လက်လုပ်ဆောင် နေတယ်လို့ စစ်တပ်ပြောရေးဆိုခွင့်ရှိသူ က ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် စစ်တပ် ကယ်ဆယ်ရေးအဖွဲ့တွေဟာ ထရီရှုလီရေအားလျှပ်စစ် စီမံကိန်း အဆောက်အအုံတွေထဲမှာ ပိတ်မိနေသူတွေကိုလည်း ကယ်ထုတ်ပေး နိုင်ခဲ့ပါတယ်။ အနည်းဆုံး နိုင်ငံခြားသား ၈ ဦးကိုလည်း စစ်တပ် ဟယ်လီကော်ပတာနဲ့ ခတ္တမန္ဒူမြို့ကို လေကြောင်းကနေ ဘေးလွတ်ရာ ပို့ဆောင်ပေးခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။

စစ်တပ်က အွန်လိုင်းမှာ တင်ဆက်ထားတဲ့ ဗီဒီယိုဖိုင်တွေမှာတော့ ရေဘေးသင့်ခဲ့တဲ့ မြို့ရွာအများအပြားကို လွှမ်းမိုးထားတဲ့ ကွန်ကရစ်လို ထူထဲလှတဲ့ ရွှံ့ဗွက်တွေထဲ ပိတ်မိနေသူတွေကို စစ်သားတွေက ကြိုးပမ်း ကယ်ဆယ်နေတာကို တွေ့မြင်ရပါတယ်။

တရုတ်နိုင်ငံရဲ့ တိဘက်ဒေသမှာ လူ ၅၅၈ ဦး ပျောက်ဆုံးနေတာကြောင့် ရှာဖွေရေး၊ အသက်ကယ်ဆယ်ရေး၊ အပျက်အစီးဖယ်ရှားရေး၊ ဆက်သွယ်ရေးနဲ့ အထောက်အကူပြု စက်ကိရိယာတွေ ပါရှိတဲ့ အရေးပေါ် ကယ်ဆယ်ရေးသမား ၁၁၁ ဦးကို ရှီဇန့် ရှိ ဂိုင်ရုန်းဆိပ်ကမ်း သို့ စေလွှတ်ခဲ့ပါတယ်။ လမ်းတံတားတွေ ရေမျောပါ ပျက်စီးသွားခဲ့တာကြောင့် အဆိုပါ အဖွဲ့ဟာ ကြာသပတေးနေ့ နံနက်အစောပိုင်းမှာချန်ဒူး မြို့ကနေ လေကြောင်းနဲ့ ထွက်ခွာခဲ့ပြီး ရှီဂါဆီ မြို့ရှိ ဒင်ဂရီ လေဆိပ်သို့ ဆင်းသက်ခဲ့ပါတယ်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးစစ်တပ် (PLA) ဟာလည်း လေကြောင်း၊ ဆေးဝါး၊ သယ်ယူပို့ဆောင်ရေးနဲ့ အင်ဂျင်နီယာ တပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ စစ်ဘက်ဆိုင်ရာ ကယ်ဆယ်ရေး တပ်ဖွဲ့တွေကို ကွပ်ကဲအုပ်ချုပ်ဖို့ အဖွဲ့တစ်ဖွဲ့ကို စေလွှတ်ခဲ့ပါတယ်။

ဂိုင်ရုန်းဆိပ်ကမ်း နဲ့ ၂.၅ ကီလိုမီတာခန့် အကွာမှာ ရေပိတ်ဆို့မှုကြောင့် သဘာဝရေကန် တစ်ခု ဖြစ်ပေါ်နေပြီး ဒါဟာ "လက်ရှိ လုပ်ဆောင်နေတဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတွေ" ဖြစ်ပေါ်စေတယ်လို့ ပြည်သူ့နေ့စဉ်သတင်းစာ  က ဖော်ပြခဲ့ပါတယ်။


REF: RT

#News #Myanmar

မူရင်းသတင်း — Myanmar National Post