
ရက်သတ္တတစ်ပတ်ခန့်ရှိနေပြီးဖြစ်သည့် ကျိုက်မရောမြို့နယ်အတွင်း အတ္ထရံမြစ်ရေလျှံမှုကြောင့် ရပ်ကွက်/ကျေးရွာအုပ်စု (၁၅) ခုမှ အိမ်ခြေပေါင်း (၆၆၀၀) ကျော်ရေဝင်ရောက်မှုရှိနေဆဲဖြစ်ကြောင်းနှင့် အခြေခံပညာစာသင်ကျောင်းပေါင်း (၃၇) ကျောင်းခန့်အား ယာယီပိတ်ထားရဆဲဖြစ်ကြောင်း သိရသည်။
မိုးသည်းထန်စွာရွာသွန်းမှုနှင့် တောင်ကျရေကြောင့် အတ္ထရံမြစ်ရေလျှံမှုဖြစ်ပွားလျှက်ရှိရာ၊ ကျိုက်မရောမြို့ပေါ် ရပ်ကွက်တစ်ချို့နှင့် မြစ်ကမ်းဘေးကျေးရွာများ၌ ရေကြီးရေလျှံမှုဖြစ်ပွားနေသည်မှာ ရက်သတ္တတစ်ပတ် ခန့်ရှိနေပြီးဖြစ်ကြောင်း နှင့် ကျိုက်မရောမြို့ပေါ်တွင် ရေဘေးကယ်ဆယ်ရေးစခန်း (၂) ခုဖွင့်လှစ်ထားကာ ရေဘေးသင့်ပြည်သူ (၄၀၀) ခန့်ယာယီခိုလှုံနေကြကြောင်း သိရသည်။
“ကျိုက်မရောမြို့ပေါ်မှာဆိုရင် ရှင်စောပုရပ်ကွက်နဲ့ရန်မျိုးအောင်ရပ်ကွက်တွေမှာ ရေကြီးရေလျှံမှုတွေ ဒီနေ့အထိဖြစ်နေဆဲပါ။ နောက်ပြီး အတ္ထရံမြစ်ကမ်းဘေးကျေးရွာတွေဖြစ်တဲ့ ဦးလေး၊ ငပြေမ၊ နိတုံ၊ ရေပူ၊ အထရံ၊ ကွမ်ငန်း၊ မယ်ကရို၊ ဖနုံ၊ လမုခို၊ လှကဇိုင်း၊ ဖာသိမ်၊ ကလိုင်းကနိုင်နဲ့ ချောင်းနှစ်ခွ စတဲ့ကျေးရွာအုပ်စု အတွင်းမှာလည်း ရေကြီးရေလျှံမှုဖြစ်ပေါ်နေပါတယ်” ဟု ကျိုက်မရောမြို့ခံတစ်ဦးက ပြောကြားသည်။
ရေဘေးသင့်ဒေသများသို့ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များ၊ တစ်ဦးချင်းဖြစ်စေ၊ အစုအဖွဲ့လိုက်ဖြစ်စေ အလှူရှင်များမှ အစားအစာနှင့် ရေသန့်များ နေ့စဉ်လာရောက်လှူဒါန်းပေးနေကြကြောင်း လည်း ၎င်းဆိုသည်။
ကျိုက်မရောမြို့ပေါ်တွင်လည်း ရေဘေးရှောင်စခန်း (၂) ခုဖွင့်လှစ်ထားပြီး ရသေ့ကျောင်းယာယီရေဘေးရှောင် စခန်းတွင် လူဦးရေ (၂၂၀) ခန့်၊ ဆိုင်ကလုံးစင်တာတွင် လူဦးရေ (၁၆၀) ခန့် ယာယီခိုလှုံနေကြရကြောင်းနှင့် ရေထပ်တိုးလာပါကလည်း ရေဘေးရှောင်ပြည်သူများ ထပ်တိုးလာနိုင်ကြောင်း ၎င်းကဆက်လက် ပြောကြား သည်။
အတ္ထရံမြစ်ရေသည် ကျိုက်မရောမြို့၏ စိုးရိမ်ရေအမှတ် (၅၀၀) စင်တီမီတာကိုကျော်လွန်ကာ (၅၃၈) စင်တီမီတာသို့ ရောက်ရှိနေကြောင်းလည်း သိရသည်။
အတ္ထရံမြစ်ရေလျှံမှုကြောင့် ကျိုက်မရောမြို့နယ်အတွင်း ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပေါ်နေပါက ဒေသခံ ပြည်သူများအနေဖြင့် ရေသန့်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများလိုအပ်ချက်များရှိလာနိုင်ကြောင်းလည်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
လတ်တလော အခြေအနေများအရ ကျိုက်မရောမြို့နယ်အတွင်း ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၅) ခုမှ အိမ်ခြေ (၆၆၃၃) လုံးရေဝင်ရောက်မှုဖြစ်ပေါ်နေပြီး၊ အိမ်ထောင်စုပေါင်း (၆၆၉၇) စုမှ လူဦးရေ (၃၂၀၀၀) ခန့်ရေဘေး သင့်နေကြောင်းလည်း သိရသည်။
ထို့အပြင် ရေကြီးရေလျှံမှုကြောင့် ပြီးခဲ့သည့် ဩဂုတ်လ (၂၄) ရက်နေ့က ကျိုက်မရောမြို့ကျောက်တောင် တောရကျောင်းမှ သက်တော် (၆၈) နှစ်အရွယ် ရဟန်းတစ်ပါး ရေနစ်ကာ ပျံလွန်တော်မူခဲ့ကြောင်းလည်း မြို့ခံများထံမှ သိရသည်။
Photo Credit - CJ